မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့ဆောင်းရာသီ စျေးကွက်အတွင်းကမှ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီကို ရာသီကုန်ချိန်အထိ အငှားချထားခဲ့တဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကို အပြီးသတ်ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအနေနဲ့ လင်ဂတ်အတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ကမ်းလှမ်းလာဖို့ လိုအပ်တယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ ၂ဝဝဝပြည့်နှစ်မှာကတည်းက ယူနိုက်တက်လူငယ်အကယ်ဒမီကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘောလုံးရာသီကနေစတင်ကာ သူရဲ့ယူနိုက်တက် စီနီယာကစားသမားဘဝကို စတင်ခဲ့ရပါတယ်။ လင်ဂတ်ဟာ ဒီနောက်ပိုင်းနှစ်အတွင်း ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ပုံမှန်နေရာပါ ပျောက်ဆုံးခဲ့ရပြီး အခုနှစ် ဆောင်းစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Sky Sports

လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာတော့ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၆)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုမှာလည်း (၄)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ကာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်မှုတွေကြောင့် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ် လင်ဂတ်ကို လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခဲ့သလို ဝက်စ်ဟမ်းအသင်းကလည်း လင်ဂတ်ရဲ့ အငှားစာချုပ်ပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူဖို့အထိပါ ကြိုးပမ်းလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမား လင်ဂတ်ကို အပြီးသတ်ရောင်းထုတ်ဖို့ ဆန္ဒမရှိပေမယ့်လည်း တကယ်လို့ ဝက်စ်ဟမ်းအသင်းဘက်ကနေသာ လင်ဂတ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ကမ်းလှမ်းမှုကို လက်ခံစဉ်းစားလာဖွယ် ရှိနေပါတယ်။ ဝက်စ်ဟမ်းဟာ အသင်းကို လင်ဂတ်ရောက်လာပြီးနောက်ပိုင်းကတည်းက အသင်းရဲ့တိုက်စစ်ပိုင်း အားတတ်လာခဲ့ရပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာထိပါ တတ်လှမ်းထားခဲ့လို့ ဥရောပဝင်ခွင့် မျှော်မှန်းချက်ပါ အားကောင်းလျက် ရှိနေပါတယ်။ တကယ်လို့ ဝက်စ်ဟမ်းသာ ဥရောပဝင်ခွင့် ရခဲ့မယ်ဆိုရင်တော့ လင်ဂတ်ကိုပါ အပြီးသတ်ခေါ်ယူမှာ ဖြစ်သလို လင်ဂတ်ကလည်း ဝက်စ်ဟမ်းအသင်းဆီကိုပဲ အပြီးသတ်ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။