ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးရဲ့ CEOဖြစ်သူ ဘာရာဒါကို သူတို့အသင်းရဲ့ CEOအသစ် အဖြစ် ခေါ်ယူ ခန့်အပ်နိုင်ခဲ့ကြောင်း ယနေ့မနက်မှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် နာမည်ကြီးကုမ္ပဏီ INEOSက ဂလေဇာမိသားစုနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ကို ပူးတွဲပိုင်ဆိုင်ခွင့် ရပြီးနောက် အသင်းရဲ့ အားကစားရေးရာ ကိစ္စအဝဝကို စီမံခွင့် ရထားပြီး INEOSက သူတို့ကိုယ်စား အသင်းကို ကောင်းကောင်းမွန်မွန် ထိန်းကျောင်းနိုင်မယ့် CEO တယောက်ကို လိုက်လံ ရှာဖွေနေတာ အတော်လေး ကြာမြင့်နေပါပြီ။

Photo Credit: Goal

INEOSက ဂျူဗင်တပ် အကြီးအကဲဟောင်း ဘလန့်ကို CEOအသစ် အဖြစ် ခန့်အပ်မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာ INEOSက ဘယ်သူမှ မထင်ထားတဲ့ မန်ချက်စတာ စီးတီးရဲ့ CEOကို ယူနိုက်တက်ဆီ ပြောင်းလာအောင် စည်းရုံး သိမ်းသွင်းနိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ အိုမာ ဘာရာဒါက ကမ္ဘာပေါ်မှာ ရှိတဲ့ တိုက်ကြီး ၅ခုရဲ့ ကလပ်အသင်း ၁၁သင်းကို တာဝန်ယူ အုပ်ချုပ်ခဲ့သူ ဖြစ်ပြီး သူက City Groupရဲ့ CEO အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သလို ဥရောပကလပ်များသမဂ္ဂနဲ့ အင်္ဂလန် အမျိုးသမီးစူပါလိဂ်ရဲ့ ဘုတ်အဖွဲ့တွေမှာ အရေးကြီး တာဝန်တွေကို ရယူထားကြောင်း သိရပါတယ်။

Photo Credit: Standard

ဒါ့အပြင် အိုမာ ဘာရာဒါက မန်ချက်စတာ စီးတီးရဲ့ တန်ကြေးမြင့် ကစားသမား ခေါ်ယူမှုတွေ ဖြစ်တဲ့ ဟာလန်းနဲ့ ဂရီးလစ်ရှ်တို့ရဲ့ အပြောင်းအရွှေ့တွေကို ဦးဆောင် ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်းလည်း Sky Sportsက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဘာရာဒါကို CEOအသစ် အဖြစ် ခန့်အပ်ပြီးနောက် အားကစားဒါရိုက်တာနဲ့ ကစားသမားသစ် ခေါ်ယူရေး တာဝန်ခံ စတဲ့ နှစ်နေရာ အတွက် အုပ်ချုပ်သူ အသစ်တွေကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေတယ်လို့လည်း နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားပါတယ်။