ဥရောပရဲ့ ထိပ်တန်း ခံစစ်ကစားသမား‌တွေထဲက တစ်ဦးဖြစ်သူ ဗာဂျယ်ဗန်ဒိုက် တစ်ယောက် လီ‌ဗာပူး ကစားသမား ဖြစ်လာပြီး၊ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား တစ်ယောက် ဖြစ်မလာခဲ့ရတာဟာ ဗစ်တာ လင်ဒီလော့ဖ် ကြောင့် ဖြစ်တယ်လို့ ဆောက်တမ်တန် အသင်းဖော် ကစားသမားဟောင်းဖြစ်သူ ချာလီ အော်စတင်က ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ် လက်ရှိ အမှတ်ပေးချန်ပီယံ လီဗာပူး အသင်းကို အက်ဖ်အေ ဖလား စတုတ္ထအဆင့်မှာ ကျော်ဖြတ် အနိုင်ယူပြခဲ့တာက လီဗာပူးအသင်း အတွက်တော့ ဗာဂျယ် ဗန်ဒိုက် ကို ဘယ်လောက် လိုအပ်နေလဲဆိုတာရဲ့ အကောင်းဆုံး ဥပမာ တစ်ခုပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဗဟိုခံစစ် ကစားသမားဖြစ်သူ ဗာဂျယ်ဗန်ဒိုက်ဟာ အောက်တိုဘာလက ကစားခဲ့တဲ့ အဲဗာတန် နဲ့ မာဆေးလ်ဆိုက်ဒ် ဒါဘီ ကတည်းက ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီးတော့ လီဗာပူး အနေနဲ့ ဗန်ဒိုက် မပါဝင်တဲ့ ခံစစ်နဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ရင်ဆိုင်ကစားရာမှာ အခက်အခဲ ရှိခဲ့ကာ လူငယ်စတား ဖြစ်သူ ရိုင်းစ် ဝီလီယံကလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ခေါ်ယူခဲ့တဲ့ ဗန်ဒိုက်ဟာ နည်းပြ ကလော့ပ် ရဲ့ လီဗာပူး အသင်းအတွက် ချန်ပီယံလိဂ် ဖလားနဲ့ ပထမဆုံး ပရီးမီးယားလိဂ် အမှတ်ပေးဖလား အောင်မြင်မှုတွေ အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ဒိုက် ဟာ လီဗာပူးအသင်းရဲ့ ဝတ်စုံအစား မန်ချက်စတာ ယူနိုက်တက် အသင်းဝတ်စုံကို ဝတ်ဆင်ရဖို့ နီးစပ်ခဲ့ဖူးတယ်လို့ စိန့်အသင်းဖော်ဟောင်း ချာလီ အော်စတင် က အခုလိုပဲ ဆိုပါတယ်။

Photo Credit: Goal

“ ချယ်လ်ဆီးနဲ့ ကစားခဲ့ရတဲ့ အဝေးကွင်းပွဲမှာ ကျွန်တော်တို့ နှစ်ယောက် အရံခုံပေါ်မှာ ထိုင်နေခဲ့ကြတုန်းက ကျွန်တော်က ဘာတွေ ဖြစ်နေတာလဲဆိုပြီး သူ့ကို မေးခဲ့တယ်။ မှတ်မိသလောက် ကတော့ ယူနိုက်တက်က မင်းကို ခေါ်ဖို့ ကြိုးစားနေတာလား? ဆိုပြီး ကျွန်တော် ပြောခဲ့တာပါ။ သူက ‘ မင်းသိလား ချက်ဇ်၊ အဲ့ဒါက ငါနဲ့ ဗစ်တာ လင်ဒီလော့ဖ် အကြားမှာပဲ မူတည်ခဲ့တာကွ၊ ပြီးတော့ သူတို့ လင်ဒီလော့ဖ် ကိုပဲ ခေါ်သွားကြတယ် ’ ဆိုပြီး ကျွန်တော့်ကို ပြန်ပြောခဲ့တာ။ ကျွန်တော်လည်း အဲ့ဒါကို ကြားတုန်းက ခင်ဗျားလိုပဲ အံ့ဩလွန်းလို့ ကြက်သေသေသွားခဲ့ဖူးတယ်။ နွေရာသီမှာ သူ မန်ယူကို သွားရလိမ့်မယ်လို့ တဖွဖွ ပြောခဲ့တာ၊ အဲ့ဒီနောက်တော့ မန်ယူက လင်ဒီလော့ဖ်ကိုပဲ ခေါ်သွားခဲ့တယ် ” ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ဟာ ဗာဂျယ်ဗန်ဒိုက် တစ်‌ယောက် အန်ဖီးလ်ဒ် ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း နဲ့ ပြောင်းရွှေ့ဖို့ မတိုင်ခင် လပိုင်းလောက် အလိုမှာပဲ လင်ဒီလော့ဖ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ၂၀၁၇ နွေရာသီက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။