ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ စပိန်လာလီဂါ ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အသက် ၁၆နှစ်အရွယ် စပိန်လူငယ် တိုက်စစ်မှူး တစ်ဦးကို ၅နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် လူငယ်တိုက်စစ်မှူး ဂါနာချိုဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ် တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး လက်ရှိ နွေစျေးကွက် အတွင်းမှာ မန်ယူအသင်းကို ရောက်ရှိလာတဲ့ တတိယမြောက် စပိန်လူငယ် ကစားသမား ဖြစ်လာမယ် လို့လည်း သိရပါတယ်။

Photo Credit: Marca

အသက် ၁၆နှစ်အရွယ် ဂါနာချိုဟာ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းတွေ ကြောင့် ဥရောပ အသင်းကြီးတွေရဲ့ စောင့်ကြည့်မှုကို ခံခဲ့ရတဲ့သူ ဖြစ်ပြီး မန်ယူအသင်းဟာ ဂါနာချိုကို ခေါ်ယူနိုင်ဖို့ လူငယ် ကစားသမားတွေကို ခေါ်ယူတဲ့ နေရာမှာ ပြိုင်ဘက်ကင်းတဲ့ ဒေါ့မွန်အသင်းကို အနိုင်ယူခဲ့ရကြောင်း စပိန်အခြေစိုက် သတင်းဌာန ဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ မာကာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂါနာချိုဟာ လက်ရှိ ဂျူဗင်တပ်အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုကို အားကျသူ ဖြစ်ပြီး မန်ယူအသင်းနဲ့ ၅နှစ် စာချုပ် ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။ မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ဂါနာချိုကို ခေါ်ယူဖို့ မန်ယူအသင်း ၊ ဒေါ့မွန်အသင်းနဲ့ ရီးရဲလ် မက်ဒရစ် အသင်းတို့က ယှဉ်ပြိုင်ကြိုးစားခဲ့ပြီး ဂါနာချိုဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Photo Credit: Marca

မန်ယူအသင်းဟာ ဂါနာချိုကို ခေါ်ယူခဲ့တာကြောင့် အက်သလက်တီကို မက်ဒရစ်အသင်းထံ နစ်နာကြေး ပေးချေရမှာ ဖြစ်ပြီး ပေးချေရမယ့် ငွေပမာဏကိုတော့ သတင်းတွေမှာ မဖော်ပြထားပါဘူး။ မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ အတွက် သဘောတူခဲ့တာကြောင့် ဂါနာချိုဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ မန်ယူအသင်းထံ ရောက်ရှိလာတဲ့ သုံးဦးမြောက် စပိန်လူငယ် ကစားသမား ဖြစ်လာခဲ့ပြီး ဂါနာချိုရဲ့ အရှေ့မှာတော့ ဘာစီလိုနာအသင်းရဲ့ ညာနောက်ခံလူ ဂွာဒိုနဲ့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ဘယ်နောက်ခံလူ ကာရီရက်စ် ဟာ မန်ယူအသင်းထံ ပြောင်းရွှေ့ထားကြပါတယ်။ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ဂါနာချိုကို ယူ-၁၈ အသင်းမှာ ကစားစေမယ် လို့ သိရှိရပါတယ်။