မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ပေါအင့်က ယူနိုက်တက်အသင်းအနေနဲ့ နွေစျေးကွက်အတွင်းမှာ တိုက်စစ်ပိုင်းအတွက် ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကို ခေါ်ယူခဲ့တာထက်စာရင် ဝုလ်ဗ်အသင်းရဲ့ မက္ကဆီကိုတိုက်စစ်ကစားသမား ရာအူးယီမီနက်ဇ်ကိုပဲ ခေါ်ယူခဲ့သင့်တယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့ပြီး အသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကိုလည်း ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အားနည်းတဲ့နေရာတစ်ခုဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်တင်းဖို့အတွက် အသက်(၃၃)နှစ်အရွှယ်ရှိ ဝါရင့်ဥရုဂွေးတိုက်စစ်မှူးကြီး ကာဗာနီကို ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ကာဗာနီကို လုံးဝပွဲထွက်ခွင့်မပေးသေးသလို လူစားဝင်ကစားသမားအဖြစ်နဲ့ပဲ ပါဝင်နေရတဲ့ ကာဗာနီကလည်း အသင်းအတွက် ဘာမှကို မစွမ်းဆောင်နိုင်သေးပါဘူး။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်း ပေါလ်အင့်က “ယူနိုက်တက်ဘက်ကနေ ခေါ်ယူနိုင်တဲ့ ကစားသမားတွေက အများကြီးရှိနေတာပဲလေ”

Photo Credit : Goal

“ဥပမာပေးပြီး ပြောရမယ်ဆိုရင် သောမတ်စ်ပါတေးတို့ ရာအူးယီမီနက်ဇ်တို့လိုပေါ့။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ယူနိုက်တက်တို့ တိုက်စစ်မှူးတစ်ယောက် လိုအပ်နေလို့ တရုတ်ကနေ အီဂါလိုကို ခေါ်ယူခဲ့တယ်။ ဒါက ဘာလုပ်တာလဲ။ ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)လောက်ကို သုံးစွဲပြီးတော့ တိုက်စစ်မှူးယီမီနက်ဇ်ကို ခေါ်သင့်တာ။ သူက တကယ့်ကို တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ ဂိုးသွင်းကောင်းတဲ့သူ။ ဒါပေမယ့် အသင်းက အက်ဒီဆင်ကာဗာနီကိုပဲ ခေါ်ယူခဲ့တယ်။ အခု သူကလည်း အသင်းမှာ နေရာရဖို့ ခက်နေတယ်။ သင်တို့အနေနဲ့ အသင်းရဲ့ဖွဲ့စည်းပုံ ကစားသမားသစ်ခေါ်ယူမှုတွေ ကင်းထောက်စနစ်တွေကို သေချာလေးကြည့်လိုက်မယ်ဆိုရင် သူတို့တွေ ဘာတွေများလုပ်နေသလဲဆိုပြီး တွေးတောမိသွားလိမ့်မယ်။ အသင်းအတွက် ခေါ်ယူလို့ရနိုင်မယ့် ကစားသမားတွေ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေတာပဲ။ ဒါပေမယ့် သူတို့မခေါ်ယူခဲ့ဘူး” လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဝုလ်ဗ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ယီမီနက်ဇ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီဖြစ်လို့ သူရဲ့တန်ကြေးက ပိုမိုမြင့်မားလာခဲ့ရပြီဖြစ်ပြီး ယီမီနက်ဇ်ကိုယ်တိုင်ကလည်း ဒီရာသီမှာ ဝုလ်ဗ်အတွက် ပြိုင်ပွဲစုံ(၈)ပွဲကစားခဲ့ကာ သွင်းဂိုး(၄)ဂိုး သွင်းယူနိုင်ခဲ့သလို ဒီဂိုးတွေအားလုံးကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။