မန်ချက်စတာယူနိုက်တက်အသင်းက လာမယ့်ဘောလုံးရာသီအတွက် ကစားသမားအင်အားဖြည့်တင်းနိုင်ဖို့ ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူနိုင်ဖို့အရေးကို အတော်လေး ကြိုးပမ်းလျက်ရှိနေရာ ကစားသမားရဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ အဆင်မပြေနိုင်သေးတာကြောင့် အနည်းငယ်ကြန့်ကြာနေရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်း ပေါလ်စခိုးက ယူနိုက်တက်ဟာ ဆန်ချိုထက်စာရင် ဟယ်ရီကိန်းလို ကစားသမားကိုပဲ ဦးစားပေးခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းဟာ သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို အရခေါ်ယူနိုင်ဖို့အတွက် အလေးအနက်ကို ကြိုးပမ်းလျက်ရှိနေပြီး ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပေမယ့်လည်း ပြောင်းရွှေ့ကြေးအပိုင်းမှာတော့ အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု မရယူနိုင်သေးတာကြောင့် အပြောင်းအရွှေ့က အပြီးသတ်နိုင်ဖို့ ခက်ခဲနေရပါတယ်။ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်းတချို့က ဆန်ချိုကို ဒီလောက်တန်ကြေးမျိုးနဲ့ ခေါ်ယူဖို့ မလိုအပ်ပဲ တခြားကစားသမားတွေကိုသာ ပြောင်းလဲခေါ်ယူသင့်တယ်လို့ တိုက်တွန်းလာခဲ့ကြသလို ပေါလ်စခိုးကလည်း ဆန်ချိုထက်စာရင် စပါးတိုက်စစ်မှူးဟယ်ရီကိန်းကိုသာ ခေါ်ယူသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။

Photo Credit : Super Sport

စခိုးက “ကျွန်တော်က အမှားတွေ လုပ်နေတယ်လို့ မထင်ပါနဲ့။ ဆန်ချိုက တကယ့်ကို ဘောလုံးသမားကောင်းတစ်ယောက်ပါ။ သူက ကမ္ဘာပေါ်က ဘယ်ဘောလုံးအသင်းမှာမဆို တိုးတတ်အောင် ကစားနိုင်မယ့်သူပါ။ သူရဲ့အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင်လည်း သူက တကယ့်ကို ဂိုးသွင်းအားကောင်းသူဆိုတာ မြင်တွေ့ရနိုင်ပါတယ်။ သူ့ဆီကနေ ဂိုးတွေအများကြီးရအောင်လည်း မျှော်လင့်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းမှာ ဆန်ချိုနဲ့ ပုံစံချင်းဆင်တူအောင် စွမ်းဆောင်နိုင်တဲ့ တိုက်စစ်ကစားသမားတွေ တောင်ပံကစားသမားတွေ (၃)ယောက်လောက် ရှိနေမယ်လို့ ထင်မိပါတယ်။ ဆန်ချိုလောက် ခြေစွမ်းကောင်းသူတွေ မဟုတ်ဘူးဆိုရင်တောင် သူတို့ရဲ့နေရာတွေမှာ တာဝန်ကျေအောင် ကစားနိုင်မယ့်သူမျိုးတွေ ရှိနေပါတယ်။ ကျွန်တော်ကတော့ ဆန်ချိုထက်စာရင် ဟယ်ရီကိန်းကို ပိုပြီးပစ်မှတ်ထားသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ယူနိုက်တက်က အထောင်တိုက်စစ်ကစားသမား No.9 Role ကစားသမားမျိုး တကယ့်ကို ဂိုးသွင်းအားကောင်းတဲ့ ကစားသမားကို ခေါ်ယူသင့်တာ။ ဒီနေရာနဲ့ပတ်သက်ရင် ဟယ်ရီကိန်းက အကောင်းဆုံးပါပဲ” လို့ အကြံပြုပြောဆိုသွားခဲ့ပါတယ်။