ပြီးခဲ့တဲ့လအနည်းငယ်လောက်ကစတင်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် နောက်ခံကစားသမား မက်စ်ဟူရာဒိုက သူအနေနဲ့ လာမယ့်နွေစျေးကွက်အတွင်း ဘာစီလိုနာကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း သူရဲ့အင်စတာဂရမ်ပေါ်ကနေ အသိပေးသွားခဲ့ပြီး သူနဲ့သတင်းထွက်နေတဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ နီးစပ်လို့နေပါတယ်။

အသက်(၁၆)နှစ်အရွှယ်သာရှိသေးတဲ့ စပိန်ဆယ်ကျော်သက် ကစားသမားလေးဟူရာဒိုဟာ ဘာစီလိုနာအသင်းမှာ (၆)နှစ်သားအရွှယ်လောက်ကတည်းက ပါဝင်ကစားခဲ့တာဖြစ်ပြီး ခံစစ်ညာခြမ်းမှာ ကစားတတ်သူလည်းဖြစ်ပါတယ်။ ဟူရာဒိုက ဒီနေ့မှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဟူရာဒိုက “ကိုယ့်အတွက် အစစအရာရာကို ပေးစွမ်းနိုင်ခဲ့တဲ့ အသင်းကနေ စွန့်ခွာရဖို့ ဆုံးဖြတ်ချက်ရတယ်ဆိုတာ တကယ်မလွယ်တာပါ”

“ဘာစီလိုနာအသင်းက ကျွန်တော်အတွက်တော့ ဒုတိယအိမ်လိုပါပဲ။ ကျွန်တော်က ဒီနေရာမှာ ကစားသမားတစ်ယောက်အနေနဲ့ရော လူတစ်ယောက်အနေနဲ့ပါ တိုးတတ်လာခဲ့ရတာပါ။ ဒီနေ့ကတော့ နှုတ်ဆက်ရမယ့်အချိန်ကို ရောက်လာခဲ့ပါပြီ။ ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်စကားပြောချင်ပါတယ်” လို့ သူရဲ့အင်စတာဂရမ်ပေါ်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ သူတို့အကယ်ဒမီထွက်တဲ့ ကစားသမားလေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ချင်ပဲ ဒီရာသီမှာ အသင်းကြီးအတွက် ခြေစွမ်းပြသလို့နေတဲ့ အန်ဆူဖာတီ ရစ်ကီပွတ်တို့လိုမျိုး စီနီယာအသင်းမှာ နေရာပေးသွားဖို့ အစီအစဉ်ရှိနေပေမယ့်လည်း ယူနိုက်တက်ဘက်က ငြင်းရခက်တဲ့ ကမ််းလှမ်းမှုမျိုးနဲ့ ဟူရာဒိုကို ကမ်းလှမ်းထားတာကြောင့် ဘာစီရဲ့ကမ်းလှမ်းချက်ကို လုံးဝလက်မခံတော့တာဖြစ်ပါတယ်။ စပိန်ယူ-၁၆အသင်းရဲ့ကစားသမားဖြစ်တဲ့ ဟူရာဒိုက သူရဲ့စီနီယာတွေဖြစ်တဲ့ ပီကေး ဖာဘရီဂတ်စ်တို့လို အသင်းရဲ့ အကယ်ဒမီကနေ ထွက်ခွာပြီး အင်္ဂလန်မှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ဖို့ မျှော်မှန်းထားပြီး မကြာခင်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုဖွယ်ရှိနေပါတယ်။