ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ယခု နွေရာသီ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဘာစီလိုနာ ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်အတွက် ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိရန် နီးစပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ယနေ့မနက်မှာပဲ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် တန်ဟက်ဂ်ရဲ့ တောင်းဆိုမှုအရ ဘာစီလိုနာရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ဘာစီလိုနာကလည်း သူတို့ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဒီဂျောင်ကို ရောင်းထုတ်ရန် ဆုံးဖြတ်ထားပါတယ်။

Photo Credit: Marca

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် စတင်ချိန်ကတည်းက ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ တရားဝင် ချိတ်ဆက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ယမန်နေ့ညမှာတော့ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ တိုးတက်လာခဲ့ကာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရန် နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Cadena SER သတင်းဌာနက ဆိုပါတယ်။

ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေထဲက တခု ဖြစ်တဲ့ Goal သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက် ဖြစ်တဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၉သန်းနဲ့ အပိုဆုကြေးတွေ ပါတဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာဘက်က လက်ခံဖို့ ဆုံးဖြတ်ထားကြောင်း ဖော်ပြထားပါတယ်။

Photo Credit: Marca

ဒီဂျောင်ကတော့ သူ့ရဲ့ ဆရာဟောင်း ဖြစ်သူ အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်ဘက်က ဒီဂျောင်ကို ဘာစီလိုနာမှာ သူ ရရှိနေတဲ့ လုပ်ခလစာ အတိုင်း ပေးချေဖို့ သဘောတူထားကာ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။

ဒါကြောင့်ပဲ မကြာခင် ရက်ပိုင်းအတွင်းမှာ ဖရန်ကီ ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် အဖြစ် မြင်တွေ့ရဖို့ အလားအလာ များပြားနေပါတယ်။