MySport Myanmar

ဖာနန်ဒက်စ်ကို လုပ်ခလစာ (၂)ဆတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားဖို့ နီးစပ်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ ပြင်ဆင်လျက်ရှိနေရာ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့် ရှိနေတဲ့အပြင် သူရဲ့လက်ရှိ လုပ်ခလစာကိုလည်း (၂)ဆလောက်အထိ တိုးမြှင့်ပေးသွားဖွယ် ရှိနေပါတယ်။

Photo Credit : FC Barcelona Noticias

အသက်(၂၇)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ၂၀၂ဝခုနှစ်ကမှ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုထားခဲ့တာကြောင့် ၂၀၂၅ခုနှစ်အထိ သက်တမ်းကျန်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကို စရောက်လာချိန်ကတည်းက အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍာကနေ ပါဝင်နိုင်သူဖြစ်သလို မက်ဂွိုင်းယား မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာဆိုရင်လည်း ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူရသူဖြစ်လို့ အသင်းဘက်ကနေ သူ့ကို နောက်ထပ် (၅)နှစ်သက်တမ်းတိုးချင်နေသလို လုပ်ခလစာကိုပါ တိုးမြှင့်ပေးသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Goal

ပေါ်တူဂီကြယ်ပွင့် ကစားသမား ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနေသူ ဖြစ်ပေမယ့် တစ်ပတ်လုပ်ခ ပေါင်(၁၈၀၀၀၀)ဝန်းကျင်လောက်သာ ရရှိနေတဲ့ ကစားသမားဖြစ်လို့ အသင်းနဲ့ သက်တမ်းတိုးဖြစ်မယ်ဆိုရင် သူရဲ့တစ်ပတ်လုပ်ခက ပေါင်(၂၅၀၀၀၀)လောက်အထိကို တိုးမြှင့်ရရှိလာမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ အသင်းသားတွေအပေါ် လစာငွေ မြင့်မားစွာ ပေးချေနေရပေမယ့်လည်း ဒီလို လစာပမာဏ မြင့်မားနေတဲ့ ကစားသမားတွေထဲကမှ ကာဗာနီ ပေါ့ဘာ မာစီယဲလ်တို့ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတတာကြောင့် အခုလို ဖာနနန်ဒက်စ်ရဲ့လစာကို တိုးမြှင့်ပေးဖို့က အဆင်ပြေနိုင်တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဘက်ကသာ စာချုပ်သစ်ကို လက်ခံလိုက်မယ်ဆိုရင်တော့ သူရဲ့တစ်နှစ်လုပ်ခက ပေါင်(၁၂)သန်းထိ ရရှိဖွယ်လည်း ရှိနေပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းမှာတော့ ဖာနန်ဒက်စ်ရဲ့ ပေါ်တူဂီအသင်းဖော် ခရစ္စတီယာနိုရော်နယ်လ်ဒိုက ပေါင်(၅၁၀၀၀၀)နဲ့ လုပ်ခလစာ အမြင့်မားဆုံး ရရှိနေတာဖြစ်ပြီး ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ရဲ့ လစာအမြင့်မားဆုံး ကစားသမားတွေထဲမှာ နံပါတ်(၉)လောက်မှာသာ ရပ်တည်နေရပါတယ်။

Exit mobile version