အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းဖို့အတွက် ရက်ပိုင်းလေးလောက်ပဲ ကျန်ရှိနေတော့တဲ့အချိန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဗြိတိန်မီဒီယာတွေရဲ့ဖွချက်တွေကြောင့် ကစားသမားပေါင်းများစွာနဲ့ ကောလဟာလသတင်းတွေ အဆက်မပြတ်ကို ထွက်ပေါ်နေရပြီး အခုလည်း အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အိန်စလေမီလန်နိုင်းစ်နဲ့ပါ ထူးထူးခြားခြား သတင်းထွက်လာခဲ့ကာ အပြောင်းအရွှေ့ပါ ဖြစ်မြောက်ဖို့ နီးစပ်နေပြီလို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

နွေစျေးကွက်အတွင်းမှာ နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကို ခေါ်ယူထားခဲ့ရသေးတဲ့ ယူနိုက်တက်အသင်းဟာ အောက်တိုဘာ(၅)ရက်နေ့ (နွေအပြောင်းအရွှေ့စျေးကွက်ရဲ့နောက်ဆုံးနေ့)မတိုင်ခင်မှာ ကစားသမားသစ်တွေကို ခေါ်ယူနိုင်ဖို့အတွက် အသည်းအသန် ကြိုးပမ်းနေခဲ့ကာ အခု သူတို့ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်ရဲ့ကစားသမား မီလန်နိုင်းစ်ကို ပေါင်သန်း(၂၀)+အပိုဆုကြေးနဲ့ ခေါ်ယူနိုင်တော့မယ်လို့ Sport1 ကနေ ဖော်ပြလာခဲ့ပြီး ဒီ Sources ကိုလည်း နာမည်ကြီးသတင်းမီဒီယာတွေကနေ ဆက်လက်ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၃)နှစ်သာရှိသေးတဲ့ မီလန်နိုင်းစ်ကတော့ အာဆင်နယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ Talented Player တစ်ယောက်ဖြစ်ပြီး စက်တင်ဘာလဆန်းက လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ကွန်မြူနတီဒိုင်းပွဲမှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ အသင်းအတွက် ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ အကောင်းဆုံးကစားပေးနိုင်သူ ဖြစ်ပေမယ့်လည်း သူ့ထက် အတွေ့အကြုံရင့်ကျက်တဲ့ စီနီယာကစားသမားတွေကြားမှာ ပွဲထွက်ကစားရခွင့်တွေက တဖြည်းဖြည်း နည်းပါးလာခဲ့တာကြောင့်ရော အာဆင်နယ်ဘက်ကပါ သူတို့အလိုရှိနေတဲ့ လိုင်ယွန်ကွင်းလယ်ကစားသမား ဟူဆန်အာဝါကို ခေါ်ယူရာမှာ အသုံးစရိတ် လုံလောက်နေစေဖို့အတွက် မီလန်နိုင်းစ်ကို ရောင်းချချင်နေတာဖြစ်ပါတယ်။ နိုင်းစ်ကို စပါးနဲ့ ဝုလ်ဗ်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားခဲ့ပြီး ဝုလ်ဗ်ဆိုရင် ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တဲ့အထိ ဖြစ်ပေါ်ခဲ့ပေမယ့် အာဆင်နယ်ဘက်ကနေ ပြောင်းရွှေ့ကြေးကို တိုးမြင့်တောင်းဆိုလို့သာ Deal မဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ အာဆင်နယ်အလိုရှိတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ ကမ်းလှမ်းထားတာဖြစ်လို့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့က ၈၀%အထိတောင် ရှိနေပြီလို့ ဖော်ပြထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ တိုက်စစ်ပိုင်းအတွက် ကာဗာနီနဲ့ လူကာဂျိုဗစ်တို့နဲ့ ကောလဟာလတွေ ထွက်ပေါ်လို့နေပါတယ်။