ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ဆီ ရာသီဝက် အငှားချထားတဲ့ တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုကို အရှုံးခံကာ ပြန်လည် ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်က သူ့ကို ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဂျေဒန် ဆန်ချိုကို အလွန် သဘောကျတာကြောင့် အပြောင်းအရွှေ့ရာသီ ၂ခု ဆက်တိုက် ကြိုးစားကာ ခဲရာခဲဆစ် ခေါ်ယူခဲ့ပေမယ့် ဆန်ချိုဟာ ယူနိုက်တက်ထံ ရောက်ရှိပြီးနောက် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဂျေဒန် ဆန်ချိုက မန်ချက်စတာ ယူနိုက်တက် အတွက် ၂နှစ်ကျော် ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၈၂ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၁၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ကြိမ်သာ ရရှိခဲ့ပြီး သူက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အချိန်မှာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်နဲ့ လူသိရှင်ကြား အချင်းများမှုလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit: Football Transfer

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ဆန်ချိုကို သူ့ရဲ့ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားပြန်ချခဲ့ပြီး ဆန်ချိုက ဒေါ့မွန်ဆီ ရောက်ရှိပြီးနောက် သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရှာဖွေနိုင်ခဲ့ကာ သူက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

နာမည်ကြီး ဂျာမဏီသတင်းဌာန ဖြစ်တဲ့ BILD သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေါ့မွန်က သူတို့အသင်းဆီ အငှားနဲ့ ပြန်လာကစားရင်း ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဂျေဒန် ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ အသင်းတွင်းမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ဆန်ချိုကို ဒေါ့မွန်ဆီ ပြန်လည် ရောင်းချဖို့ လမ်းဖွင့်ထားပြီး ယူနိုက်တက်က ဆန်ချိုအတွက် ဝယ်ဈေး ယူရို ၈၅သန်းရဲ့ တဝက်ဈေး ဖြစ်တဲ့ ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရှိရပါတယ်။