ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူချင်နေတဲ့ သူတို့အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာ အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် ပေါ့ဘာကတော့ အသင်းပြောင်းဖို့ စိတ်ကူး ရှိနေပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေသလို ပေါ့ဘာရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAရဲ့ နာမည်ကျော် ဘဏ္ဍာရေးစည်းမျဉ်း ဖြစ်တဲ့ FFPစည်းမျဉ်းကို မချိုးဖောက်မိအောင် ပေါ့ဘာကို မခေါ်ယူမီ အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ လိုအပ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းထောက်တွေက ဆိုပါတယ်။

Photo Credit: Daily Mail

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် အကယ်၍ ပေါ့ဘာကသာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ဘူး ဆိုရင် ပေါ့ဘာကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်ပြီး ရလာတဲ့ ပြောင်းရွှေ့ကြေးနဲ့ အစားထိုး ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားနဲ့ အားကစား ဒါရိုက်တာ ဂျွန်မားတော့ပ်တို့ဟာ ပေါ့ဘာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ ပေါ့ဘာရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၅၁သန်း သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။