ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦးဖြစ်သူ ဂျာမန် ဘွန်ဒက်လီဂါရဲ့ နာမည်ကြီးကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အလွန်အမင်း နီးစပ်နေတဲ့ အခြေအနေကို ရောက်ရှိနေပြီး လာမယ့် ရက်ပိုင်း အတွင်းမှာပဲ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် လူငယ် တောင်ပံကစားသမား ဆန်ချိုအတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၉၀သန်း အထိ သုံးစွဲရဖို့ ရှိနေပြီး လတ်တလောမှာတော့ ဒေါ့မွန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ပြောင်းရွှေ့ကြေးကို ဘယ်လိုပုံစံနဲ့ ပေးချေမလဲ ဆိုတာရယ် အပိုဆုကြေးငွေ ကိစ္စတွေကို ဆက်လက် ဆွေးနွေးနေကြောင်း နာမည်ကြီး သတင်းဌာနတွေ အကုန်လုံးက တညီတညွတ်ထဲ ဖော်ပြထားပါတယ်။

Photo Credit: Express

ဆန်ချိုသာ ရောက်လာပါက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့် အတွက် ယှဉ်ပြိုင်မှုတွေ ပိုမို ပြင်းထန်လာဖို့ ရှိနေပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာန ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆန်ချိုကိုသာ ဝယ်ယူပြီးပါက အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ်ကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ထားကြောင်း ဆိုသွားပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ဆန်ချို ရောက်လာပြီးပါက ရက်ဖို့ဒ် ၊ ဂရင်းဝုဒ်နဲ့ ဆန်ချိုတို့ သုံးဦး တိုက်စစ်အတွဲကို အဓိက ပုံဖော်ချင်တာကြောင့် ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မာရှယ်ကို ရောင်းထုတ်ပြီး အသင်းအတွက် လိုအပ်တဲ့ နေရာတွေကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ မာရှယ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် စပါးအသင်းက အထူးတလည် စိတ်ဝင်စားနေပြီး စပါးအသင်းဟာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နေရာအတွက် မာရှယ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

စပါးအသင်းဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ဝန်းကျင်နဲ့ လက်လွှတ်ရဖွယ် ရှိနေပြီး ဟယ်ရီကိန်းရဲ့ နေရာ အတွက် အစားထိုး တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ရှာဖွေနေချိန်မှာ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ မာရှယ်ဟာ သူတို့အသင်းရဲ့ ထိပ်သီးပစ်မှတ် ဖြစ်လာပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ မာရှယ်ကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် ရရှိမှသာ ရောင်းချဖွယ် ရှိကြောင်း သိရပါတယ်။