ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ပရီးမီးယားလိဂ် ရပ်ဝန်းမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့တဲ့ သတင်းတစ်ပုဒ် ရှိခဲ့ပါတယ်။ အဆိုပါ သတင်းကတော့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့အသင်း ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းထက် ပိုမပေးဘူးဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဆိုပါ သတင်းကို ဖော်ပြခဲ့တဲ့ သတင်းဌာနဟာ Sky Sports လို ထိပ်တန်း သတင်းဌာနတစ်ခု ဖြစ်တာကြောင့် တကယ်ပဲ မန်ယူအသင်းက ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်း ထက် ပိုမပေးဘူးလားဆိုပြီး သို့လော သို့လောတွေ ဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သတ် ရင် တိကျတဲ့ သတင်းဌာနတစ်ခု ဖြစ်တဲ့ Athletic သတင်းဌာနက အဆိုပါသတင်းအပေါ် ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit: Express

Athletic သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ မန်ယူအသင်းဟာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းထက် ပိုမပေးဘူးဆိုတဲ့ သတင်းဟာ မှားယွင်းနေကြောင်းနဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် လုပ်ဆောင်နေတဲ့ မန်ယူ အသင်းရဲ့ တာဝန်ရှိသူတွေတောင်မှ အဆိုပါ သတင်းအပေါ် အံ့အားသင့်နေရတယ်လို့ သိရပါတယ်။ Athletic သတင်းဌာနရဲ့ နာမည်ကြီး သတင်းထောက် ဖြစ်တဲ့ လော်ရီ ဝှိုက်ဝဲလ်ဟာ ဆန်ချိုနဲ့ မန်ယူအသင်းတို့ရဲ့ အခြေအနေတွေကို အနီးကပ် လေ့လာနေသူ ဖြစ်ပြီး သူ့ရဲ့ အဆိုအရ မန်ယူအသင်းက ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းသာ ပေးချေမယ်ဆိုတဲ့ သတင်းဟာ မှားယွင်းကြောင်းကို မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ တာဝန်ရှိသူတွေ ကိုယ်တိုင်က ပြောဆိုခဲ့တာလို့ သိထားရပါတယ်။

Photo Credit: Express

မန်ယူအသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းသာ ပေးမယ့် သတင်းတွေဟာ မှားယွင်းနေကြောင်းကို ဝှိုက်ဝဲလ်က ” တခြားလူတွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ကျွန်တော်က မထိုးနှက်ချင်ပါဘူး။ သတင်း တစ်ပုဒ်ထွက်လာတိုင်း အဲ့ဒီသတင်းတွေက ၁၀၀ ရာခိုင်နှုန်းတော့ မမှန်ကန်နိုင်ပါဘူး။ ဒါပေမယ့် ဆန်ချိုကို ပေါင်၅၀သန်းပဲ ပေးမယ်ဆိုတဲ့ သတင်းအပေါ် ကျွန်တော်က စုံစမ်းမှုတွေ အများကြီး ပြုလုပ်ခဲ့ပြီး မန်ယူအသင်း ဘက်ကနေ ထွက်လာတဲ့ ပြောဆိုမှုတွေအရ အဲ့ဒီသတင်း ဟာ မှားယွင်းနေတယ်လို့ သိရပါတယ် ” ဆိုပြီး ပြောပြသွားခဲ့တာပါ။ ဥရောပရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ဆန်ချိုအတွက် မန်ယူအသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ ဆွေးနွေးမှုတွေ စတင်နေကြောင်းနဲ့ ပြောင်းရွှေ့ကြေး ပေါင်၈၀သန်းဝန်းကျင်မှာ သဘောတူညီမှု ရဖွယ် ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။