ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့အင်အားကို ပိုမိုတောင့်တင်းအောင် ယခုချိန်အထဲက စတင်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေကာ လက်ရှိမှာတော့ အသင်းရဲ့ ညာတောင်ပံတိုက်စစ်ကို အင်အားဖြည့်တင်းနိုင်ဖို့ ဦးစားပေးစီစဉ်နေကြောင်း သိရှိရပါတယ်။ မန်ယူအသင်းဟာ ပေါ်တူဂီသား နာနီထွက်ခွာသွားပြီးနောက် ညာတောင်ပံတိုက်စစ် ကစားသမားကောင်း တစ်ဦးမှကို ပိုင်ဆိုင်ခွင့်မရခဲ့ပဲ ဒုတိယတန်းစား ကစားသမားတွေ ၊ အရန်ကစားသမားတွေနဲ့သာ အသင်းရဲ့ ညာတောင်ပံကို ဖာထေးခဲ့ကြပါတယ်။

Photo Credit: Mirror.com

လက်ရှိမှာတော့ မန်ယူအသင်းဟာ အသင်းရဲ့ ညာတောင်ပံတိုက်စစ်ကို အင်အားဖြည့်ဖို့ ဦးစားပေးလုပ်ဆောင်လာပြီး ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်လူငယ် တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် ဆန်ချိုတစ်ဦးတည်းက မန်ယူအသင်းရဲ့ ပစ်မှတ်မဟုတ်ဘူးလို့ အီတလီသတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ အီတလီသတင်းစာတွေရဲ့ အဆိုအရတော့ မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ သူ ယုံကြည်ရတဲ့ ကင်းထောက် ဆိုင်မွန်ဝဲလ်ကို အီတလီနိုင်ငံထံ စေလွှတ်ခဲ့ကာ ဖီအိုရင်တီးနားအသင်းရဲ့ ညာတောင်ပံတိုက်စစ် ကစားသမား ချီဆာကို စောင့်ကြည့်ခိုင်းထားတယ်လို့ သိရှိရပါတယ်။

Photo Credit: Mirror.com

အသက်၂၂နှစ်အရွယ် ချီဆာဟာ ဆန်ချိုထက် ၂နှစ်ကြီးသူဖြစ်ပေမယ့် တန်ကြေးမှာတော့ ပေါင်၁၀၀သန်းကျော်အထိ တန်ကြေးရှိတ​ဲ့ ဆန်ချိုရဲ့တန်ကြေးထက် ထက်ဝက်ခန့် လျော့နည်းနေတာကြောင့် ဆိုးလ်ရှားက ချီဆာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေကတော့ မန်ယူအသင်းဟာ ဆန်ချိုကို မခေါ်ယူနိုင်မယ့် အရေးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ ချီဆာကို အစားထိုး ခေါ်ယူလိုနေတာကြောင့် အခုလို ချိတ်ဆက်မှုတွေ ပြုလုပ်နေတာဖြစ်ကြောင်း ဖော်ပြထားကြပါတယ်။ ချီဆာဟာ ယခုနှစ်ဘောလုံးရာသီ စီးရီးအေမှာ ဖီအိုရင်တီးနားအသင်းအတွက် ၂၂ပွဲ ပါဝင်ကစားပေးထားပြီး ၆ဂိုးသွင်းယူကာ ၃ဂိုး ဖန်တီးပေးထားနိုင်သူဖြစ်ကာ သူ့ရဲ့တန်ကြေးက ပေါင်၅၀သန်းဝန်းကျင်ပဲ ရှိပါတယ်။