ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းကတော့ ယခုနှစ် ဘောလုံးရာသီ မှာသာ အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာထဲကို ဝင်ရောက်ခွင့် ရရှိပြီး လာမယ်​့ ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင် ကစားခွင့် ရပါက အသင်းရဲ့ အဓိကပစ်မှတ် ကစားသမား ဖြစ်သူ ဆန်ချိုကို စျေးမဆစ်ပဲ ဝယ်ယူမယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် အားနည်းချက် တစ်ခုဖြစ်တဲ့ ညာတောင်ပံတိုက်စစ် အခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့အတွက် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချို ကို ခေါ်ယူဖို့ ကြိုးစားနေတာဟာ အတော်လေး ကြာမြင့်နေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာတော့ ဆန်ချိုကို အပြီးသတ် ခေါ်ယူနိုင် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Setty News

အသက်၂၀အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ လက်ရှိ ဘောလုံးရာသီမှာလည်း ဘွန်ဒက်လီဂါပွဲစဉ် ၃၂ပွဲ ပါဝင် ကစားထားရာမှာ ၁၇ဂိုး သွင်းယူကာ ၁၇ဂိုး ဖန်တီးပေးထားနိုင်သူပါ။ ဂျာမန် နာမည်ကြီး သတင်းဌာနဖြစ်တဲ​့ BILD သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ မန်ယူအသင်းသာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကို ဝင်ရောက်ခွင့် ရပါက သူတို့အသင်းရဲ့ ကစားသမား ဖြစ်သူ ဆန်ချိုကို စျေးမဆစ်ပဲ ဝယ်ယူ လိမ့်မယ်လို့ ဒေါ့မွန်အသင်းက ယုံကြည်ထားကြောင်း သိရပြီး မန်ယူအသင်းနဲ့ နီးစပ်သူတွေ ကလည်း မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက ဆန်ချိုအတွက် ဒေါ့မွန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို၁၂၀ သန်းကို လိုလိုလားလား ပေးချေသွားလိမ့်မယ် လို့ ဆိုထားကြပါတယ်။

Photo Credit: Setty News

လက်ရှိမှာတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၅နေရာမှာ ရပ်တည် နေပြီး အဆင့်၃ နေရာမှာ ရှိနေတဲ့ ချယ်လ်ဆီး အသင်းနဲ့ တစ်ပွဲလျော့ ၄မှတ်အကွာ ၊ အဆင့်၄ နေရာမှာ ရှိနေတဲ့ လက်စတာနဲ့ အမှတ်တူ နေတာကြောင့် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမယ့် အလားအလာတွေ ရှိလို့နေပါတယ်။ ဒါ့အပြင် လက်ကျန်ပွဲစဉ် အနေအထားကို ကြည့်ပါကလည်း မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့စ် ၊ ဝက်ဟမ်းနဲ့ လက်စတာအသင်းတို့ကို ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ လီဗာပူးနဲ့ ဝုဗ်အသင်း ၊ လက်စတာအသင်းဟာ ရှက်ဖီးလ် ၊ စပါးနဲ့ မန်ယူအသင်းတို့နဲ့ ရင်ဆိုင် ကစားရဦးမှာ ဖြစ်တာကြောင့် လက်ကျန်ပွဲစဉ် အနေအထားအရ မန်ယူအသင်းဟာ အသာစီး ရနေတာကို မြင်တွေ့ရပါတယ်။ ဒါ့ကြောင့် ဥရောပ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက မန်ယူအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပြီး ဒေါ့မွန်အသင်းရဲ့ ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်လိမ့်မယ်လို့ သုံးသပ် ထားကြပါတယ်။