ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့ အသင်းရဲ့ ခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ အတွက် စပိန် လာလီဂါ အသင်းဖြစ်တဲ့ ဗယ်လာဒိုးလစ်အသင်းရဲ့ လူငယ်နောက်ခံလူ ဆာလီဆူ ကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက်၂၁နှစ်အရွယ် ဆာလီဆူဟာ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင် ထားသူဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပ​ဲ လာလီဂါ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် စတဲ့ အသင်းတွေဟာ သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ဆာလီဆူကို စောင့်ကြည့်နေတဲ့ ထိပ်တန်း အသင်းကြီးတွေ ရှိတဲ့အကြောင်းကို ဗယ်လာဒိုးလစ်အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အိန်ဂျယ် ဂိုးမက်စ်က အတည်ပြုထားပါတယ်။

Photo Credit: Metro.com

ဆာလီဆူဟာ ဗဟိုခံစစ် ကစားသမားတစ်ဦး ဖြစ်ပြီး မန်ယူအသင်းဟာ လက်ရှိအချိန်မှာ မက်ဂွိုင်းယား ၊ ဘိုင်လီ ၊ လင်ဒီလော့ဖ် ၊ စမောလင်း ၊ ရိုဂျို ၊ တွမ်ဇီဘီ ၊ ဖီးလ်ဂျုံး စတဲ့ ခံစစ်မှူးတွေကို ပိုင်ဆိုင်ထားခဲ့ပေမယ့် ဖီးလ်ဂျုံး ၊ ရိုဂျို ၊ စမောလင်း စတဲ့ ကစားသမားတွေကို နွေရာသီမှာ ရောင်းထုတ်သွားဖို့ စဉ်းစားထားသလို တွမ်ဇီဘီနဲ့ ဘိုင်လီတို့ရဲ့ ဒဏ်ရာပြဿနာများပြားမှုတွေကြောင့် ဆာလီဆူကို ခေါ်ယူဖိူ့ ကြိုးစားလာတာ ဖြစ်ကြောင်း သိရှိရပါတယ်။ ESPN သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူ အသင်းဟာ လက်ရှိအချိန်မှာ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူးအဖြစ် ကစားနေတဲ့ ဆွီဒင် ခံစစ် ကစားသမား လင်ဒီလော့ဖ်ရဲ့ ခြေစွမ်းတွေအပေါ်ကို မယုံမကြည် ဖြစ်လာတာကြောင့် ဆာလီဆူလို တက်သစ်စ လူငယ်ခံစစ်မှူးကို ခေါ်ယူဖို့ ချိတ်ဆက်လာတာဖြစ်တယ်လို့ သိထားရပါတယ်။

Photo Credit: Metro.com

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ဆာလီဆူကို ခေါ်ယူနိုင်ဖို့ အတွက် ဆာလီဆူရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို၁၂သန်း(ပေါင်၁၀.၄သန်း) နဲ့ ဗယ်လာဒိုးလစ်အသင်းကို ကမ်းလှမ်းထားတယ် လို့ သိရပြီး စာချုပ်ဖျက်သိမ်းကြေးကို ပေးချေမှာ ဖြစ်တာကြောင့် ဆာလီဆူနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့သာ ကျန်တော့တယ်လို့ သိထားရကာ ဗယ်လာဒိုးလစ်အသင်းနဲ့ နီးစပ်သူတွေကတော့ ဆာလီဆူရဲ့ အပြောင်းအရွှေ့မှာ မန်ယူကွင်းလယ်လူ မာတာလည်း ပါဝင်နေကြောင်း ဖွင့်ဟ ပြောဆိုထားကြပါတယ်။ စပိန် အခြေစိုက် သတင်းဌာနတွေ ကတော့ မန်ယူအသင်းကွင်းလယ်လူ မာတာရဲ့ ဖခင်ဖြစ်သူဟာ ဆာလီဆူရဲ့ အေးဂျင့်ဖြစ်ပြီး ဆာလီဆူအနေနဲ့ မန်ယူအသင်းထံကို ပြောင်းရွှေ့ခွင့်ရဖို့ ဦးဆောင် ကြိုးပမ်းနေသူ ဖြစ်ကြောင်းလည်း ဖော်ပြထားကြပါတယ်။