ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကိုသာ ရာထူးကနေ ထုတ်ပယ်ခဲ့ရရင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အတူ ချန်ပီယံလိဂ် ၃နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ပြင်သစ် နာမည်ကြီးနည်းပြ ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရိုနယ်ဒို ၊ ဗာရန်း ၊ ပေါ့ဘာ ၊ ဖာနန်ဒက် ၊ ဒီဂီယာ ၊ ဆန်ချို ၊ ရက်ဖို့ဒ် ၊ မက်ဂွိုင်းယား စတဲ့ ကစားသမား အင်အားစုကို ပိုင်ဆိုင်ထားတာကြောင့် ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ပိုင်း အတော်လေးကို ယိမ်းယိုင်နေပါတယ်။

Photo Credit: Goal

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားရဲ့ နည်းစနစ်ကို ပြိုင်ဘက်အသင်းတွေက တားဆီးလာနိုင်ချိန်မှာ ဆိုးလ်ရှားနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူနိုင်မယ့် နည်းစနစ်အသစ်တွေ ချမှတ်နိုင်ခြင်း မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ သွင်းဂိုးတွေ ရယူနိုင်ဖို့ ရုန်းကန်လာရသလို ခံစစ်ပိုင်းကလည်း သွင်းဂိုးတွေ ဒလဟော ခွင့်ပြုခဲ့ရပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားလာပြီး နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ကစားရမယ့် ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာသာ အနိုင်ရလဒ် မရခဲ့ရင် ဆိုးလ်ရှားကို ရာထူးကနေ ကျိန်းသေပေါက် ထုတ်ပယ်ဖွယ် ရှိပါတယ်။

Photo Credit: Goal

အင်္ဂလန် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကိုသာ ရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့ပါက လက်စတာနည်းပြ ရော်ဂျာ ၊ အေဂျက်နည်းပြ တန်ဟက်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့ သုံးဦးထဲက တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လျာထားပြီး တန်ဟက်နဲ့ ရော်ဂျာတို့ထက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းကို ခေါ်ယူဖို့ဟာ ပိုမို ဖြစ်နိုင်ချေ ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ရိုနယ်ဒိုနဲ့ ဗာရန်းတို့ဟာ ဇီဒန်းနဲ့ ဆရာတပည့် ဆက်ဆံရေးမျိုး ရှိနေတဲ့ အချက်ကို အသုံးချပြီး ဇီဒန်းကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်းနဲ့ ဇီဒန်းကိုသာ ခေါ်ယူနိုင်ခဲ့ပါက အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ ပေါ့ဘာကိုပါ အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်မယ်လို့ ယူဆနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနကလည်း ဆိုပါတယ်။