ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူခဲ့ပေမယ့် လာမယ့် နွေဈေးကွက် အတွင်းမှာ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားဦးမယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ရိုနယ်ဒို ၊ ကာဗာနီ ၊ ဂရင်းဝုဒ် ၊ မာရှယ် ၊ ရက်ဖို့ဒ် စတဲ့ အထောင်တိုက်စစ် နေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား ၅ဦး အထိ ပိုင်ဆိုင်ထားတာကြောင့် လာမယ့် နွေဈေးကွက်မှာ ဟာလန်းကို ခေါ်ယူရန် အတွက် မကြိုးစားတော့ဘူးလို့ ယူဆသူတွေ ရှိနေပေမယ့် အဆိုပါ ယူဆချက်တွေဟာ လုံးဝကို မှားယွင်းနေပါတယ်။

Photo Credit: Daily Mail

အသက် ၂၁နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရသလို ဒေါ့မွန်အသင်းအတွက်လည်း ၂ရာသီ အတွင်း ပြိုင်ပွဲစုံမှာ ၆၈ပွဲ ပါဝင် ကစားပေးခဲ့ရာ ၆၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး စတင် အသက်ဝင်မယ့် ၂၀၂၂ခုနှစ် နွေဈေးကွက်မှာ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီး အများစုဟာ ယခုထဲက ကြိုတင် ပြင်ဆင်နေကြပြီး ဟာလန်းရဲ့ အေးဂျင့် ရိုင်းအိုလာကိုလည်း ဆက်သွယ်မှုတွေ ပြုလုပ်နေကြပါတယ်။

Photo Credit: Daily Mail

နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော်သာ သုံးစွဲခဲ့တာဟာ လာမယ့် နွေဈေးကွက်အတွင်းမှာ ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် ငွေကြေး ချွေတာခဲ့တာ ဖြစ်သလို ရိုနယ်ဒို ရှိနေတာကြောင့် ဟာလန်းဟာ သူတို့အသင်းထံ ရောက်လာလိမ့်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဟာလန်းရဲ့ စံပြပုဂ္ဂိုလ် တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟာလန်းကို ခေါ်ယူရာမှာ ရိုနယ်ဒိုကို အသုံးချဖို့ ဆုံးဖြတ်နေတာ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကလည်း ဟာလန်းရဲ့ လက်ဦးဆရာ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းကသာ ဟာလန်းရဲ့အေးဂျင့် ရိုင်းအိုလာနဲ့ ဆက်ဆံရေး အဆင်ပြေခဲ့ပါက ဟာလန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောက်ရှိဖို့ အလားအလာ များနေပါတယ်။