ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စပိန် လာလီဂါ အသင်းတစ်သင်း ဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းရဲ့ စပိန် နောက်ခံလူ တောရက်စ်ကို ခေါ်ယူဖို့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် လက်ရွေးစင် ဗဟိုခံစစ်မှူး တစ်ဦးဖြစ်သူ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ ကျော်ကြား လာတဲ့ လူငယ် နောက်ခံလူ တစ်ဦးဖြစ်ပြီး ဗီလာရီးရဲလ်အသင်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကမှ စာချုပ်သက်တမ်း တိုးထားသူ တစ်ဦးဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ တွမ်ဇီဘီ ၊ ဘိုင်လီ ၊ ရိုဟို ၊ ဖီးလ်ဂျုံးစ်တို့လို ဗဟိုခံစစ်မှူးတွေကို ပိုင်ဆိုင် ထားပေမယ့် အဆိုပါ ကစားသမား ၆ဦးအနက် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ နှစ်ဦးထဲသာ စိတ်ချရတဲ့ အနေအထားမှာ ရှိတာကြောင့် ကျန်တဲ့ ကစားသမားတွေထဲက ၃ဦးခန့်ကို ရောင်းချကာ ဗဟိုနောက်ခံလူ အသစ် တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင် နေပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီလမှာပဲ ဗဟိုနောက်ခံလူ အသစ်တစ်ဦးကို ခေါ်ယူဖွယ်ရှိပြီး သူတို့အသင်း ခေါ်ယူဖို့ ပစ်မှတ် ထားနေတဲ့ ကစားသမား စာရင်းမှာ ပေါလ်တောရက်စ် ၊ လိုက်ပ်ဇက်အသင်းရဲ့ နောက်ခံလူ ဖြစ်တဲ့ အူပါမီကာနို ၊ ဘရိုက်တန် အသင်းရဲ့ ခံစစ်မှူး ဘန်ဝှိုက်တို့ ပါဝင်နေကြောင်း သိရပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်တဲ့ Duncan Castles ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘန်ဝှိုက်နဲ့ အူပါမီကာနိုတို့ထက် ဗီလာရီးရဲလ် အသင်းရဲ့ နောက်ခံလူ တောရက်စ်ကိုသာ ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားနေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ ရှိနေသလို တောရက်စ် ကိုယ်တိုင်ကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ဆိုထားပါတယ်။ ဒါပေမယ့် ဗီလာရီးရဲလ်အသင်း ကတော့ ရာသီဝက် ကာလမှာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ တောရက်စ်ကို လက်လွှတ်ဖို့ ဆန္ဒမရှိပဲ ကစားသမား ကိုယ်တိုင်က ထွက်ခွာဖို့ ဆန္ဒပြင်းပျ နေပါက အစားထိုး ကစားသမား တစ်ဦး ရရှိမှ လက်လွှတ်ဖွယ် ရှိကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေ က ဖော်ပြထားကြပါတယ်။ Castles ကတော့ ယူနိုက်တက် အသင်းဟာ အဆိုပါ အခြေအနေအတွက် ကြိုတင် ပြင်ဆင်ထားပြီး အသင်းကနေ ထွက်ခွာတော့မယ့် ဗဟိုနောက်ခံလူ ရိုဟိုကို အလိုက်ပေးကာ တောရက်စ်ကို ကမ်းလှမ်းသွားမှာ ဖြစ်ကာ ရိုဟိုနဲ့အတူ ပြောင်းရွှေ့ကြေး ပေါင်၄၀သန်းကို ထည့်သွင်း ကမ်းလှမ်းမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။