မန်ချက်စတာယူနိုက်တက်အသင်းကနေ ဒီနှစ်ဘောလုံးရာသီမှ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို တန်းပြန်တတ်လာခဲ့တဲ့ The Blades ခေါ် ရှက်ဖီးယူနိုက်တက်အသင်းဆီကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ အင်္ဂလန်လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကတော့ ဒီရာသီမှာ အကောင်းဆုံးလက်စွမ်းတွေကို ပြသထားနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်အသင်းကတော့ သူတို့အသင်းဆီ ဒီဂိုးသမားလေးကို ပြန်လည်မခေါ်ဆောင်ချင်သေးပဲ ရှက်ဖီးအသင်းဆီကိုသာ နောက်ထပ်တစ်ရာသီလောက် ထပ်မံအငှားချသွားဖွယ်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၃)နှစ်အရွှယ် အင်္ဂလန်လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ရှက်ဖီးယူနိုက်တက်အသင်းကို အငှားကစားသမားနဲ့ ရောက်ရှိလာခဲ့ပြီး သူရဲ့တည်ငြိမ်လွန်းတဲ့ လက်စွမ်းတွေကြောင့် အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်လာခဲ့ကာ အသင်းကို ချန်ပီယံရှစ်မှာ အဆင့်(၂)နေရာရောက်အောင်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြန်လည်တတ်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရှက်ဖီးအသင်းဘက်ကနေ ဟန်ဒါဆန်ကို နောက်တစ်ရာသီ ထပ်မံအငှားခေါ်ယူခဲ့တာဖြစ်ပြီး ဟန်ဒါဆန်ကလည်း ရှက်ဖီးကို ပရီးမီးယားလိဂ်မှာပါ တန်းတတ်အသင်းတစ်သင်းလို့ မထင်ရလောက်အောင် သူရဲ့လက်စွမ်းတွေနဲ့ ကူညီပေးခဲ့ပါတယ်။

Photo Credit :  TEAMtalk

ဟန်ဒါဆန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အတော်လေးကို လက်စွမ်းပြသနေနိုင်ပြီး Clean Sheet ပွဲ (၁၀)ပွဲအထိရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပြီး သူရဲ့စွမ်းဆောင်ရည်တွေဟာ ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ဒီဂီယာထက်တောင် Clean Sheet ပွဲအရေအတွက်ပေါင်းမှာ သာလွန်လို့နေပါတယ်။ ဒါ့အပြင် ဒီဂီယာဟာ ဒီရာသီမှာ သူရဲ့အမှားကနေ ဂိုး(၃)ဂိုးအထိ ခွင့်ပြုထားခဲ့ရပြီး ဟန်ဒါဆန်ကတော့ အမှားကနေ (၁)ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ ဒီဂီယာကို အသင်းရဲ့ပင်တိုင်ဂိုးသမားအဖြစ်သာ ဆက်လက်သုံးစေချင်သလို ဟန်ဒါဆန်ကလည်း အသင်းရဲ့ အရန်ဂိုးသမားအဖြစ် မပါဝင်လိုတာကြောင့် ယူနိုက်တက်အနေနဲ့ ဒင်းဟန်ဒါဆန်ကို ရှက်ဖီးအသင်းမှာ လာမယ့်ရာသီအထိ ဆက်လက်အငှားချဖွယ်ရှိနေပါတယ်။ ဟန်ဒါဆန်ကို ချယ်လ်ဆီးအပါအဝင် ဥရောပကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်တစားရှိနေပေမယ့် ယူနိုက်တက်ကတော့ သူတို့ဂိုးသမားကို အပြီးသတ်ရောင်းချဖို့ လုံးဝစိတ်မဝင်စားကြောင်း ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။