မန်ချက်စတာစီးတီးအသင်းကို ပထမဦးဆုံး ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တဲ့ ရောဘတ်တိုမန်စီနီဟာ လက်ရှိမှာ အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်လျက်ရှိနေပြီး လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အီတလီအသင်းနဲ့အတူ ဆင်နွဲသွားဖို့ ရှိနေပေမယ့် ဒီအဆင့်ထိ ရောက်ရှိဖို့ ပလေးအော့အဆင့်မှာ ပေါ်တူဂီအသင်းနဲ့ ရင်ဆိုင်ရဖွယ် ရှိနေသေးတဲ့အတွက် တကယ်လို့ တိမ်းစောင်းခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းက မန်စီနီကို အသင်းနည်းပြအဖြစ် ပစ်မှတ်ထားလာနိုင်တယ်လို့ သိရပါတယ်။
Photo Credit : The Telegraph
ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ရန်းနစ်ကို အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ထားခဲ့ပြီး လာမယ့်ဘောလုံးရာသီမှာတော့ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို အေဂျက်စ်နည်းပြ တန်ဟက် ဆီဗီလာနည်းပြ လိုပက်တယ်လီ စပိန်နည်းပြ အင်းနရစ်နဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာတို့ကို ပစ်မှတ်ထားနေတာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ မြို့ခံကလပ် နည်းပြဟောင်းဖြစ်တဲ့ ရောဘတ်တိုမန်စီနီကိုလည်း သူတို့အလိုရှိနေတဲ့ နည်းပြစာရင်းထဲမှာ ထည့်သွင်းထားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Photo Credit : Football Italia
အီတလီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ မန်စီနီဟာ ဖီအိုရင်တီးနား လာဇီယို အင်တာမီလန် မန်စီးတီး ဂါလာတာစာရေးနဲ့ ဇင်းနစ်တို့လို ကလပ်အသင်းတွေမှာ နည်းပြဖူးခဲ့သလို လက်ရှိမှာလည်း အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်နေတာ ဖြစ်ပါတယ်။ အီတလီအသင်းကို ယူရို-၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ထားနိုင်ခဲ့တဲ့ မန်စီနီဟာ ၂၀၂၂ခုနှစ် ကာတာဖလားပြိုင်ပွဲကိုတော့ ဝင်ရောက်ဆင်နွဲခွင့် ရနိုင်ဖို့အတွက် အုပ်စုအဆင့်ကနေ တစ်ခါတည်း ခြေစစ်ပွဲအောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ပဲ ပလေးအော့အဆင့်ဆီကိုသာ ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။ မန်စီနီရဲ့ အီတလီအသင်းဟာ ပလေးအော့ ဆီမီးဖိုင်နယ်မှာ မက်ဆီဒိုးနီးယားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ပေါ်တူဂီနဲ့တူရကီတို့ပွဲက အနိုင်ရလာမယ့်အသင်းနဲ့ ဖိုင်နယ်မှာ ထပ်မံဆုံတွေ့ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပေါ်တူဂီနဲ့သာ ဖိုင်နယ်မှာ တွေ့ဆုံခဲ့ရပြီး အရေးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့မယ်ဆိုရင် မန်စီနီရဲ့ အနာဂတ်ကလည်း လှုပ်ခတ်လာနိုင်တာဖြစ်လို့ ယူနိုက်တက်အသင်းဘက်ကနေ မန်စီနီကိုပါ သူတို့အသင်းရဲ့ List ထဲ ထည့်သွင်းထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြ ဖြစ်လာဖို့က ပိုချက်တီနို တန်ဟက်တို့ကသာ ရေပန်းစားနေတာဖြစ်ပြီး ဒီနည်းပြတွေနဲ့ အဆင်မပြေမှသာ မန်စီနီကို ချိန်ရွှယ်လာနိုင်ပါတယ်။