မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီသစ်မှာ ဝတ်ဆင်သွားမယ့် သူတို့ရဲ့အိမ်ကွင်းဝတ်စုံသစ်ကို တရားဝင်ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံနှံနေတဲ့ ဝတ်စုံသစ်ဒီဇိုင်းနဲ့လည်း လုံးဝကို ဆင်တူလို့နေပါတယ်။ ဒီဝတ်စုံသစ်ကိုတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ ယှဉ်ပြိုင်ကစားရတော့မယ့် LASK အသင်းနဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ စတင်ဝတ်ဆင်လာဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

Photo Credit : The Independent Eagle

ကမ္ဘာကျော် အားကစားကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Adidas ကနေ ဖန်တီးထုတ်လုပ်လိုက်တဲ့ ယူနိုက်တက်ရဲ့အိမ်ကွင်းဝတ်စုံသစ်ဟာ အသင်းရဲ့အဓိကအရောင်ဖြစ်တဲ့ အနီရောင်ပေါ်မှာ အမည်းနဲ့အဝါအစင်းလေးတွေကို ထည့်သွင်းပုံဖော်ထားတာဖြစ်ပြီး ပခုံးမှာတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်လောက်က ဝတ်ဆင်ခဲ့တဲ့ အိမ်ကွင်းဝတ်စုံမှာ ပါဝင်ခဲ့ဖူးတဲ့ အဖြူရောင်အကွက်တွေကို ထည့်သွင်းထားပါတယ်။ ဝတ်စုံသစ်ကိုတော့ စတင်ကြေညာတဲ့နေ့ကစပြီး Adidas ဝက်ဆိုဒ်တွေ Adidas ဆိုင်တွေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တရားဝင်ဝက်ဆိုဒ်တို့ကနေ မှာယူနိုင်ပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Star

ယူနိုက်တက်အသင်းက သူတို့ရဲ့ဝတ်စုံသစ်ကို လာမယ့်(၆)ရက်နေ့မှာ ကျင်းပသွားဖို့ရှိနေတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲအတွင်း စတင်ဝတ်ဆင်သွားဖွယ်ရှိနေတယ်လို့လည်း သိရှိရပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်(၃)နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြန်လည်ပိုင်ဆိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ဆက်လက်ဆင်နွဲရဦးမှာဖြစ်ပြီး LASK အသင်းနဲ့ (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သြစတြီးယားကလပ် LASK အသင်းကို ပထမအကျော့ အဝေးကွင်းမှာ ကစားခဲ့စဉ်တုန်းက (၅)ဂိုးပြတ်နဲ့ကို အနိုင်ရထားခဲ့ပြီး နောက်တစ်ဆင့်တတ်ဖို့ကလည်း အတော်လေးကို အခြေအနေကောင်းနေပါတယ်။ LASK နဲ့ ဒုတိယအကျော့ ကစားပြီးရင်တော့ ယူနိုက်တက်အသင်းဟာ ဂျာမနီနိုင်ငံကို ခရီးနှင်ရမှာဖြစ်ပြီး ဂျာမနီနိုင်ငံအနောက်ပိုင်းမှာ ကွာတားဖိုင်နယ်ကနေစပြီး ပြိုင်ပွဲတွေကို တစ်ကျော့တည်းပဲ ဆက်လက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ဗိုလ်စွဲထားခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ယူရိုပါလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်လို့နေပါတယ်။