ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားအသင်းရဲ့ သူတို့အသင်း တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ရာသီဝက် အငှားနဲ့ ခေါ်ယူချင်ကြောင်း ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့တယ်လို့ ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ အတူ ဝင်ရောက် ယှဉ်ပြိုင်လိုတာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ခွင့် ပြုဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ တောင်းဆိုထားသူ ဖြစ်ပါတယ်။

Photo Credit: ESPN

မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း မာရှယ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးထားပေမယ့် မာရှယ်ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ သူတို့အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ဒါမှမဟုတ် အငှားကြေးကို ပေးချေရဖို့ ရှိကြောင်း မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆီဗီးလားအသင်းဟာ အန်သိုနီ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို မာရှယ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းက ဆီဗီးလားအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: ESPN

ဆီဗီးလားအသင်းဟာ မာရှယ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဆိုပါ ကမ်းလှမ်းမှုမှာ ရာသီကုန်ရင် အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ အချက် မပါဝင်သလို ရာသီဝက်အငှား အတွက် အငှားကြေး မပေးချေချင်ပဲ မာရှယ်ရဲ့ လုပ်ခလစာကိုလည်း တဝက်သာ ပေးချေချင်တယ်လို့ ပြောခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းက ဆီဗီးလားအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာ ဖြစ်ကြောင်း ESPN သတင်းဌာနကပါ ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ မာရှယ်အတွက် ကမ်းလှမ်းမှုတွေ အားလုံးကို နားစွင့်သွားဖို့ ရှိနေပေမယ့် သူတို့အသင်းရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းနိုင်တဲ့ အသင်း မရှိပါက မာရှယ်ကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းချင်နေကြောင်း သိရပါတယ်။