ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ စပိန်အင်အားကြီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်နောက်ခံလူ ဆာဂျီယို ရီိဂွယ်လွန်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆီဗီးလားဒေသ အခြေစိုက် ရေဒီယိုလိုင်း တစ်ခု ဖြစ်တဲ့ Radio Sevilla က ဖော်ပြသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် စပိန် ဘယ်နောက်ခံလူ ရီဂွယ်လွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ် မက်ဒရစ်အသင်း ကနေ ဆီဗီးလားအသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ကာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် လက်ရှိ နွေစျေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ ဥရောပ အခြေစိုက် အသင်းကြီး အတော်များများက စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Metro

ရီဂွယ်လွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီးလားအသင်းထံ တစ်ရာသီအငှားနဲ့ သွားကစားခဲ့ရာ ကနေ ယူရိုပါလိဂ်ဖလားကို ရရှိခဲ့ပြီး လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ရီဂွယ်လွန်ဟာ ရီးရဲလ်မက်ဒရစ်အသင်း မှာတော့ ဦးစားပေး ဘယ်နောက်ခံလူ အဖြစ် သတ်မှတ်ခံရခြင်း မရှိခဲ့ပဲ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းဟာ ရီဂွယ်လွန်ကို လက်ရှိ နွေစျေးကွက် အတွင်းမှာ အသင်းသစ် ရှာခိုင်ထားပြီး ရီဂွယ်လွန်ကို ခေါ်ယူဖို့အတွက် တော့ မန်ယူအသင်းနဲ့ ဆီဗီးလားအသင်းတို့က ကြိုးစားနေကြပါတယ်။ ဆီဗီးလား အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Radio Sevilla ရဲ့ ဖော်ပြချက် အရတော့ မန်ယူအသင်းဟာ ဆီဗီးလားအသင်းကို ကျော်ဖြတ်ကာ ရီဂွယ်လွန်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Metro

ဆီဗီးလားအသင်းဟာ ရီဂွယ်လွန်အတွက် ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားချိန်မှာ မန်ယူအသင်းဘက်က ရီဂွယ်လွန် အတွက် ရီးရဲလ် မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၃၀ သန်းနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းဘက်က မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့သလို ရီဂွယ်လွန်ဟာလည်း မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း Radio Sevilla က ဖော်ပြသွားပါတယ်။ ဒါ့အပြင် ရီဂွယ်လွန်ဟာ မန်ယူအသင်းမှာ တစ်နှစ် လုပ်ခ ယူရို ၅သန်း ရရှိမှာ ဖြစ်ကြောင်း Radio Sevilla က ဆိုထားပါသေးတယ်။ မန်ယူအသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ ဘယ်နောက်ခံလူ တစ်ဦးကို သေချာပေါက် ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိထားရတာကြောင့် မန်ယူအသင်းနဲ့ ရီဂွယ်လွန်ရဲ့ အပြောင်းအရွှေ့ဟာ မကြာမီမှာပဲ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။