ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ တောင်ပံ ကစားသမား ဂါရတ်ဘေးလ်နဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်တို့ နှစ်ဦးစလုံးကို တစ်ပြိုင်နက်ထဲ ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မန်ယူအသင်းဟာ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ပြောင်းရွှေ့ကြေး ယူရို ၃၀ သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေသလို အသက် ၃၁နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂါရတ်ဘေးလ်ကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတာပါ။

Photo Credit: Express

စပိန်အခြေစိုက် သတင်းဌာနတွေ ဖြစ်တဲ့ Cadena SER ၊ Marca တို့ရဲ့ ဖော်ပြချက်တွေ အရ ယမန်နေ့မှာတော့ မန်ယူအသင်းဟာ ရယ်ဂီလွန်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားလာခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဆွေးနွေးမှုတွေဟာလည်း အတော်လေးကို တိုးတက်နေတယ် လို့ သိရပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အတွက် မဖြစ်နိုင်တော့တဲ့ အနေအထားမှာ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ဂါရတ်ဘေးလ်ကိုပါ တစ်ရာသီ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ စီစဉ်နေကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပေမယ့် ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းရာမှာ လုံးဝ အဆင်ပြေချောမွေ့ခြင်း မရှိပဲ ဒေါ့မွန်အသင်းဘက်က အသားတင် ပြောင်းရွှေ့ကြေးကို ယူရို ၁၂၀ သန်း အထိ အလိုရှိနေတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် ငွေကြေး သုံးစွဲမှုကို စိစစ်နေရတဲ့ အချိန်မှာ ဒေါ့မွန်အသင်းဘက် က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို ပေးချေနိုင်တဲ့ အသင်းမရှိကြောင်း လည်း Romano က သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ ရယ်ဂီလွန်နဲ့ ဘေးလ်တို့ဟာ မန်ယူအသင်းထံကို ပြောင်းရွှေ့ ကစားဖို့ အလွန် စိတ်ဝင်စားနေကြပြီး မန်ယူအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့သာ သဘောတူညီမှု ရရန် လိုအပ်တော့ကြောင်း သိရှိရပါတယ် ခင်ဗျာ…။