ဂျာမန်ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ နောက်ခံကစားသမား အီဘရာဟီမာကွန်နတီကို ဥရောပထိပ်တန်းကလပ်များစွာကနေ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ လီဗာပူးလ်အသင်းက ကွန်နတီကို ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေပေမယ့် အပြောင်းအရွှေ့က အထမမြောက်နိုင်သေးပဲ ရှိနေတာကြောင့် လက်ရှိအချိန်မှာ ကွန်နတီကို လီဗာပူးလ်နဲ့အပြိုင် မန်ချက်စတာယူနိုက်တက်အသင်းကနေပါ ပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Football365

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ကွန်နတီဟာ ပြင်သစ်ယူ-၂၁အသင်းရဲ့ လက်ရွေးစင်နောက်ခံကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁ရခုနှစ်ကမှ ဆိုးချော့ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ကွန်နတီဟာ လိုက်ပ်ဇစ်အသင်းမှာ ပွဲထွက်ခွင့် အကြိမ်ရေများစွာ မရရှိထားသေးပေမယ့်လည်း ပါဝင်ကစားရတဲ့ ပွဲစဉ်တွေတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်တာကြောင့် သူ့ကို ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ ကွန်နတီကို အလိုအရှိဆုံး ဖြစ်လို့နေပါတယ်။

Photo Credit : United in Focus

လီဗာပူးလ်အသင်းက ခံစစ်ပိုင်းမှာ ဗန်ဒိုက်နဲ့အတူ အရည်အသွေးမြင့် ခံစစ်ကစားသမားတစ်ဦးနဲ့ တွဲဖက်အသုံးပြုချင်နေတာဖြစ်လို့ ကွန်နတီလို နောက်ခံလူမျိုးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း လီဗာပူးလ်ဘက်ကနေ ကွန်နတီကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း လိုက်ပ်ဇစ်အသင်းဘက်ကနေ ငြင်းဆန်ထားခဲ့တာကြောင့် ကွန်နတီကို ယူနိုက်တက်အသင်းဘက်ကနေ လီဗာပူးလ်နဲ့အပြိုင် ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကွန်နတီရဲ့ လိုက်ပ်ဇစ်အသင်းဖော် နောက်ခံလူ အူပါမယ်ကာနိုကိုပါ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့်လည်း အူပါမယ်ကာနိုက ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေတဲ့အတွက် ကွန်နတီကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ကွန်နတီဟာ ၂၀၂၃ခုနှစ်အထိ လိုက်ပ်ဇစ်အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်သလို သူရဲ့လက်ရှိ ပြောင်းရွှေ့ကြေးဟာလည်း ပေါင်သန်း(၄၀)ဝန်းကျင် ရှိနေတာကြောင့် ပြောင်းရွှေ့ကြေးများစွာနဲ့ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။