မန်ချက်စတာယူနိုက်တက်အသင်းကတော့ မနေ့ညက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်သွားခဲ့ရတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်လို့နေတဲ့ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးနဲ့လည်း ရမှတ်ကွာဟချက်က (၁၂)မှတ်အထိ ရှိခဲ့ရတဲ့အပြင် ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ Big Six အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲတွေထဲမှာလည်း တစ်ပွဲမှ မနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးကိုပါ ရရှိသွားခဲ့ပါတယ်။

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ် မန်စီးတီး ချယ်လ်ဆီး စပါး အာဆင်နယ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ တစ်ပွဲမှကို အနိုင်မရခဲ့သေးပဲ စပါးအသင်းကို အိမ်ကွင်းမှာ (၁)ဂိုး(၆)ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ချယ်လ်ဆီးကို (၂)ကျော့စလုံး ဂိုးမရှိသရေ အာဆင်နယ်ကို အိမ်ကွင်းမှာ (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ကာ အဝေးကွင်းမှာတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရာမှာလည်း ဂိုးမရှိသရေသာ ကျခဲ့ရပါသေးတယ်။

Photo Credit : Twitter

ယူနိုက်တက်အသင်းဟာ ဒီနှစ်ရာသီအတွင်း ပရီးမီးယားလိဂ်ရဲ့ Big Six အသင်းတွေနဲ့ (၇)ပွဲတွေ့ဆုံခဲ့ရာမှာ ရှုံးပွဲ(၂)ပွဲ ကြုံတွေ့ခဲ့ရပြီး (၅)ပွဲတောင် ဂိုးမရှိသရေကျခဲ့ရပါတယ်။ အဲ့ဒီ(၇)ပွဲအတွင်းမှာ ပေးဂိုးက (၇)ဂိုးရှိခဲ့ပြီး ပြန်လည်သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးကတော့ (၁)ဂိုးပဲ ရှိခဲ့ရကာ အဲ့ဒီတစ်ဂိုးကလည်း ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်လို့ ဒီ(၇)ပွဲအတွင်း Open Play ကနေ သွင်းယူနိုင်ခဲ့တဲ့ ဂိုးက တစ်ဂိုးမှကို မရှိခဲ့ရပဲ ဖြစ်နေပါတယ်။ ယူနိုက်တက်အနေနဲ့ Big Six အသင်းတွေနဲ့ (၇)ပွဲ ရင်ဆိုင်ခဲ့ရာမှာ (၅)ပွဲကို Clean Sheet ရယူနိုင်ခဲ့လို့ ခံစစ်ပိုင်းအရ စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပေမယ့် (၇)ပွဲမှာ သွင်းဂိုး(၁)ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ အသင်းရဲ့တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ကတော့ အတော်လေးကို မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာလည်း Big Six အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ သူရဲ့ပုံမှန်ခြေစွမ်းတွေ ပျောက်ဆုံးခဲ့ရပြီး ဒီရာသီ Big Six အသင်းတွေနဲ့ ကစားခဲ့ရသမျှ (ပရီးမီးယားလိဂ်ပွဲ) ပွဲတိုင်းမှာ သူရဲ့သွင်းဂိုးက တစ်ဂိုးသာရှိခဲ့သလို ဒီဂိုးကိုလည်း ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ Big Six အသင်းတွေနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းမှာ သူရဲ့ဂိုးဖန်တီးမှုက တစ်ကြိမ်မှ မရှိခဲ့သလို အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖိုဒ့် မာစီယဲလ် ဂရင်းဝုဒ်နဲ့ ကာဗာနီတို့ကလည်း တစ်ဂိုးမှကို မသွင်းယူနိုင်ခဲ့ပါဘူး။