မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ရာဖေးလ်ဗာရန်းဟာ မန်ချက်စတာစီးတီးအသင်းကို အရေးနိမ့်ခဲ့ရတဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တာကြောင့် လင်ဒီလော့နဲ့ပါ လူစားလဲခဲ့ရပေမယ့်လည်း သူရဲ့ ဒဏ်ရာအခြေအနေက ကာလရှည်ကြာ အနားယူရနိုင်တဲ့ ဒဏ်ရာအခြေအနေမျိုး မဟုတ်တာကြောင့် မကြာခင်မှာပဲ အသင်းအတွက် ပြန်လည် ကစားပေးဖွယ် ရှိနိုင်ပါတယ်။

United went on to lose 6-3 to Man City

Photo Credit : The Sun

အသက်(၂၉)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဗာရန်းဟာ ဒီရာသီမှာ ကစားသမားသစ် လီဆန်ဒရိုမာတီနက်ဇ်နဲ့ တွဲဖက်ပြီး ယူနိုက်တက်ခံစစ်မှာ ပုံစံကောင်းတစ်ခုကို ပြသလျက် ရှိနေပေမယ့် မန်ချက်စတာဒါဘီမှာတော့ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားတာကြောင့် ပထမပိုင်း ပွဲကစားချိန် မိနစ်(၄၀)မှာပဲ လူစားလဲခဲ့ရပါတယ်။ ဒဏ်ရာရသွားပြီး လူစားပါ လဲလိုက်ရတာကြောင့် ဗာရန်းအနေနဲ့ ကာလရှည်ကြာ အနားယူရနိုင်တဲ့ အနေအထားမျိုးမှာ ရှိနိုင်တယ်လို့ ထင်ခဲ့ရပေမယ့်လည်း သူရဲ့ ဒဏ်ရာက အဆစ်လွဲသွားခြင်းသာဖြစ်လို့ ရက်ရှည်ကြီး နားရဖွယ် မရှိနိုင်ဘူးလို့ သိရှိရပါတယ်။

Varane was subbed off before half-time in the Manchester Derby

Photo Credit : The Sun

Manchester Evening News သတင်းစာရဲ့ ဖော်ပြချက်မှာတော့ ဗာရန်း ဒဏ်ရာအခြေအနေက သိပ်မဆိုးလှတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဖော်ပြထားတဲ့အပြင် မန်ချက်စတားဒါဘီ ရှုံးပွဲအပြီး အသင်းလေ့ကျင့်ရေးကွင်း ကာရင်တန်မှာ တနလာင်္နေ့က ပြုလုပ်ခဲ့တဲ့ အင်းအစည်းအဝေးကိုလည်း ဗာရန်းက တတ်ရောက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က ဆိုက်ပရပ်စ်အသင်း အိုမိုးနီးယားနီကိုးရှားအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် အုပ်စုပွဲစဉ်(၃)အတွက် ကစားသမားစာရင်းမှာ ဗာရန်းကို ထည့်သွင်းလာပါ့မလားဆိုတာတော့ မသေချာသေးပဲ ရှိနေပါတယ်။ ယူနိုက်တက်က အိုမိုးနီးယားနဲ့ ဆိုက်ပရပ်စ်မှာ ကစားအပြီး နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်လည် ကောင်းမွန်လာခဲ့တဲ့ အဲဗာတန်အသင်းနဲ့ အဝေးကွင်းပွဲကျပ်အဖြစ် ဆက်လက် ရင်ဆိုင်ရဦးမှာဖြစ်လို့ ယူရိုပါလိဂ်ပွဲမှာတော့ ဗာရန်းကို သေချာပေါက် အနားပေးလာနိုင်ပြီး လင်ဒီလော့ ဒါမှမဟုတ် အသင်းခေါင်းဆောင် မက်ဂွိုင်းရားတို့ကို ပွဲထုတ်လာနိုင်ပါတယ်။ ယူနိုက်တက်က ယူရိုပါလိဂ်မှာ ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်အတွင်း ရှုံးနိမ့်ခဲ့ရပေမယ့်လည်း မော်ဒိုဗာမှာ ကစားခဲ့ရတဲ့ ဒုတိယမြောက်ပွဲမှာ ရှာရစ်ဖ်ကို အနိုင်ယူထားတဲ့အတွက် (၃)မှတ် ရရှိထားသလို အုပ်စုအတွင်း အမှတ်မရထားသေးတဲ့ အိုမိုးနီးယားနဲ့ပွဲမှာလည်း ရလဒ်ကောင်းနိုင်ဖွယ် ရှိနေပါတယ်။