MySport Myanmar

မန်ယူပစ်မှတ် အန်တိုနီနဲ့ မာတီနက်ဇ် နှစ်ဦးလုံးကို အဆုံးရှုံးခံသွားမှာ မဟုတ်တဲ့ အေဂျက်စ်

ဗြိတိန်နာမည်ကျော် သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ The Mirror ရဲ့ ဖော်ပြချက်မှာ အခုနှစ် နွေဈေးကွက်ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်း အလိုရှိနေတဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီနဲ့ အာဂျင်တီးနား ခံစစ်ကစားသမား လီဆန်ဒရိုမာတီနက်ဇ်တို့ နှစ်ဦးစလုံးကို အသင်းကနေ ထွက်ခွာခွင့် မပေးနိုင်မှာ မဟုတ်ကြောင်း အေဂျက်စ်အသင်းဘက်က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Mirror

ယူနိုက်တက်အသင်းဟာ အေဂျက်စ်နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက်ပိုင်းမှာ တန်ဟက်ဂ်က သူ့အသင်းဟောင်းက ကစားသမားတွေကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ချင်နေပြီး လက်ရှိမှာလည်း နောက်ခံလူတွေဖြစ်တဲ့ တင်ဘာ မာတီနက်ဇ်နဲ့ အန်တိုနီတို့ (၃)ဦးကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် နယ်သာလန် ခံစစ်မှူး တင်ဘာက ၂၀၂၂ခုနှစ် ကတာကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းနဲ့ ပါဝင်နိုင်ဖို့အတွက် ပွဲကစားခွင့် အာမခံမရနိုင်တဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ ပယ်ချခဲ့ပြီး အေဂျက်စ်မှပဲ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit : Sports Dias

ဒါကြောင့် လက်ရှိအချိန်မှာ ယူနိုက်တက်က နောက်ထပ် အေဂျက်စ်ကစားသမားနှစ်ဦးဖြစ်တဲ့ အန်တိုနီ မာတီနက်ဇ်တို့ကို ဆက်လက် ပစ်မှတ်ထားနေတာဖြစ်ပြီး ကစားသမားနှစ်ဦးလုံးကို အလိုရှိနေပေမယ့် အေဂျက်စ်ဘက်ကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားနှစ်ယောက်လုံး လက်လွတ်ရမှာကို ဆန္ဒမရှိတာကြောင့် နှစ်ယောက်စလုံး ရောင်းချဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ထားခဲ့ပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူ မာတီနက်ဇ်ထက် နေမာလက်သစ်လို့ တင်စားခေါ်ဆိုခံထားရသူ အန်တိုနီကိုသာ ပိုမို အလိုရှိနေပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက် တာဝန်ရှိသူတွေက နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို ရောက်ရှိနေကာ အန်တိုနီကို ပေါင်သန်း(၄၀)နဲ့ ခေါ်ယူဖို့ကိုပါ ဆွေးနွေးနေရာ သဘောတူညီမှု ရယူနိုင်တော့မယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် တစ်ဦးမှ မခေါ်ယူထားနိုင်သေးပဲ အသင်းဘက်က ပစ်မှတ်ထားနေတဲ့ ကစားသမားတွေဟာလည်း အခြားသော အသင်းတွေကို ပြောင်းရွှေ့ခဲ့သလို လက်ရှိအသင်းတွေမှာပဲ ဆက်လက် ကျန်ရှိနေခဲ့တာတွေကြောင့် ကစားသမားသစ် ခေါ်ယူနိုင်ဖို့က ခဲယဉ်းနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ဟာ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီဒီယွန်း တစ်ဦးတည်းကိုသာ တရားဝင် ကမ်းလှမ်းထားခဲ့ပြီး ဘာစီလိုနာနဲ့လည်း တိုက်ရိုက်ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပါတယ်။

Exit mobile version