ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဇူလိုင်လမှာမှ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ခံစစ်မှူးဟောင်း ဖီးလ်ဂျုံးစ်ကို အသင်းဆီ ပြန်လည် ခေါ်ယူထားကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် ခံစစ်မှူးဟောင်း ဖီးလ်ဂျုံးစ်က ၂၀၁၁ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ ၁၂နှစ်ကြာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားသွားခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ အချိန်အများစုကို ဆေးရုံ ၊ ဆေးခန်းတွေမှာသာ ကုန်ဆုံးခဲ့ရပေမယ့် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်ခဲ့ပါတယ်။

Photo Credit: Goal

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့မှာတော့ ဖီးလ်ဂျုံးစ်က မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ ကစားသမား ဖြစ်သွားပြီးနောက် ဖီးလ်ဂျုံးစ်က အသင်းသစ် ရှာဖွေခဲ့ပေမယ့် အခုချိန်အထိ သူ့အတွက် သင့်တော်တဲ့ အသင်းသစ်ကို ရှာလို့ မတွေ့သေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့က ဖီးလ်ဂျုံးစ်ဟာ ယမန်နေ့မှာပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်လာကာ အသင်းအတွက် အလုပ်လုပ်ပေးနေပြီး ဖီးလ်ဂျုံးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယူ-၁၈အသင်းရဲ့ နည်းပြ တဦး အဖြစ် တာဝန် ထမ်းဆောင်ရန် စီစဉ်ထားကြောင်း ဆိုပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖီးလ်ဂျုံးစ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်လည် ရောက်ရှိနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပေမယ့် ဖီးလ်ဂျုံးစ်ဟာ ယူ-၁၈အသင်းရဲ့ နည်းပြအဖွဲ့ဝင် အဖြစ် အလုပ်လုပ်ဖို့ ရာခိုင်နှုန်းနည်းကြောင်းနဲ့ အကယ်ဒမီ ကစားသမားတွေကို လေ့ကျင့်ပေးမယ့် တာဝန်ကိုသာ ရယူဖွယ် ရှိကြောင်း ဖော်ပြထားပါတယ်။

ဖီးလ်ဂျုံးစ်က ကစားသမား ဘဝကနေ တရားဝင် အနားမယူသေးပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုကြောင့် ဘောလုံးသမား အဖြစ် ဆက်လက် အသက်မွေးဖို့ ရာခိုင်နှုန်း နည်းနေပြီး ဖီးလ်ဂျုံးစ်အတွက် အကောင်းဆုံး ရွေးချယ်မှုကတော့ နည်းပြလောကထဲကို ခြေဆန့် ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။