ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန် လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်တို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းအတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်ခဲ့ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ဗာရန်းကတော့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

Photo Credit: Express

ဗာရန်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စာချုပ်သစ်ကို ငြင်းဆန်ခဲ့တာဟာ ငွေကြေးကြောင့် မဟုတ်ပဲ သူ့ရဲ့ ကစားသမားဘဝမှာ နောက်ထပ် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်ခဲ့တာ ဖြစ်ကာ နှစ်သင်းကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Express

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်နဲ့ ဗာရန်းတို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း အနေနဲ့ ဗာရန်းကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောင်းချရာမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုဖို့ထက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်သာ တောင်းဆိုဖွယ် ရှိကြောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ကြားမှာ ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရဖို့ အလွန်အမင်း နီးစပ်နေကာ ဗာရန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၄၀သန်း ဝန်းကျင် ရှိနိုင်ကြောင်း သိရပါတယ်။