ပြင်သစ် လီဂူးဝမ်း အသင်းတစ်သင်း ဖြစ်တဲ့ ရန်းနက်စ်အသင်း ကတော့ လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့က လိုချင်နေတဲ့ သူတို့အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမား ဖြစ်သူ ကာမာဗင်ဂါအတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာန အများစုနဲ့ စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ရန်းနက်စ် အသင်းရဲ့ ပြင်သစ် လူငယ် ကြယ်ပွင့် ကာမာဗင်ဂါဟာ အသက် ၁၆နှစ်အရွယ် ကတည်းက ရန်းနက်စ် အသင်းအတွက် ပါဝင် ကစားခွင့် ရရှိထားသူ ဖြစ်ပြီး အသင်းအတွက် သုံးနှစ် အတွင်းမှာ ၅၅ပွဲအထိ ပါဝင် ကစားပေးထားပါတယ်။

Photo Credit: Standard

ကာမာဗင်ဂါဟာ အဆိုပါ ၅၅ပွဲမှာ ၂ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၃ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပြီး ကွင်းလယ် ခံစစ်နေရာမှာ ကစားတဲ့ ကစားသမား တစ်ဦးအနေနဲ့ အဆိုပါ ပမာဏဟာ နည်းပါးတဲ့ ပမာဏ တစ်ခုတော့ မဟုတ်ပါဘူး။ လက်ရှိမှာတော့ ကာမာဗင်ဂါကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့က စိတ်ဝင်စား နေကြပြီး ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာနဲ့ ကာမာဗင်ဂါတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပေါ့ဘာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ကာမာဗင်ဂါကို ခေါ်ယူချင်နေတာပါ။

Photo Credit: Standard

လတ်တလော မှာတော့ ကာမာဗင်ဂါဟာ ရန်းနက်စ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တိုးဖို့ လုပ်ဆောင် နေပေမယ့် စပိန် အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ AS သတင်းဌာနရဲ့ အဆိုအရ အဆိုပါ စာချုပ်သက်တမ်း တိုးမှုဟာ ကာမာဗင်ဂါကို ရန်းနက်စ် အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့ မဟုတ်ပဲ ကာမာဗင်ဂါရဲ့ လစာကို တိုးမြှင့်ပေးဖို့နဲ့ ကာမာဗင်ဂါကို ရောင်းချရာမှာ မြင့်မားတဲ့ လုပ်ခလစာကို လိုချင်လို့ ဖြစ်ကြောင်း သိရပါတယ်။ Transfer Market ရဲ့ ဖော်ပြမှုအရ ကာမာဗင်ဂါရဲ့ လက်ရှိ တန်ကြေးဟာ ယူရို ၄၅သန်း ဝန်းကျင်သာ ရှိပေမယ့် ရန်းနက်စ် အသင်းကတော့ ကာမာဗင်ဂါကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း နဲ့ ယူရို ၈၀သန်းကြား ပမာဏ ရမှသာ လက်လွှတ်သွားဖွယ် ရှိကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေ က ဖော်ပြသွားခဲ့ကြပါတယ်။