ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ် နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်ခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ခံစစ်မှူး ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် အဆိုပါ စာချုပ်သစ်ရဲ့ သက်တမ်းဟာ ၂နှစ်သာ ရှိတာကြောင့် ဗာရန်းက စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်ပါ တောင်းခံထားပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်အသင်းဟာ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အသင်းရဲ့ နောက်ခံလူ ဗာရန်းကို လာမယ့် ဘောလုံးရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရစေရန် အတွက် ယခု နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ စဉ်းစားထားပြီး ဗာရန်းအတွက် ကမ်းလှမ်းလာမှုတွေ အားလုံးကို လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဗာရန်းကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ ၊ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေပြီး မန်ချက်စတာ ညနေခင်း သတင်းဌာနကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် တရားဝင် ကမ်းလှမ်းမှု တခုကို စတင် ပြုလုပ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ဖော်ပြလာပါတယ်။

Photo Credit: Express

ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းနဲ့ ကမ်းလှမ်းမှုကို စတင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း အထိ လိုချင်နေတာကြောင့် အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ကာ လက်ရှိမှာတော့ နှစ်သင်းကြားမှာ ဗာရန်းအတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တခုနီးပါး ကြာအောင် ကစားခဲ့သူ ဖြစ်ပြီး လက်ရှိ လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းကသာ သူ့ကို ခေါ်ယူနိုင်ခဲ့ရင် သူတို့အသင်းရဲ့ ခံစစ်ပိုင်းဟာ အတော်လေးကို ကောင်းမွန်လာမှာ အသေအချာပါပဲ။