မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းမှာ နေရာတစ်နေရာရဖို့ ခက်ခဲလို့နေတဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို လာမယ့် ဇန်နဝါရီလ ဆောင်းစျေးကွက်အတွင်းမှာပဲ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီ ရောင်းချသွားဖို့ အစီအစဉ် ရှိနေပြီး လင်ဂတ်က အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးနေပြီ ဖြစ်တာကြောင့် Cut-price တန်ကြေးအဖြစ် ပေါင်(၁၀)သန်းဝန်းကျင်လောက်နဲ့ ရောင်းချသွားရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းမှာ ကစားခွင့်တွေ နည်းပါးလွန်းနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂)ဂိုး သွင်းယူထားနိုင်ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲမှကို မကစားထားရသေးပဲ သူရဲ့အသင်းဟောင်း ဝက်စ်ဟမ်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ခါရာဘောင်း လိဂ်ဖလားပွဲမှာသာ ပွဲထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ လင်ဂတ်အနေနဲ့ ဒီရာသီအတွင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့လို ပြိုင်ပွဲကြီးတွေမှာ အသင်းအတွက် ပါဝင်ကစားခွင့် အနည်းငယ်လေးသာ ရထားတာကြောင့် လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အခုလို အသင်းအပြောင်းအလဲ လုပ်ချင်နေတဲ့ လင်ဂတ်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့ဖူးတဲ့ ဝက်စ်ဟမ်းအသင်းကနေ အသင်းဆီ နောက်တစ်ကြိမ်အဖြစ် ပြန်လည်ခေါ်ယူသွားချင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း သူ့ကို အတော်လေး နေရာပေးခဲ့တဲ့ ကလပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက လင်ဂတ်ကို အသင်းဆီ အပြီးသတ် ခေါ်ဆောင်ချင်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးမျိုးကို မပေးချင်ခဲ့သလို လင်ဂတ်ကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ သူ့အတွက် အခွင့်အရေး နောက်တစ်ကြိမ်ရဖို့ မျှော်လင့်နေသေးတာဖြစ်လို့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာ နေရာပျောက်မြဲ ဖြစ်လာရချိန်မှာတော့ လင်ဂတ်အနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွဲနိုင်ရေးအတွက် ပွဲကစားခွင့် ပိုရနိုင်မယ့် ကလပ်အသင်းတစ်ခုစီကိုသာ ပြောင်းရွှေ့ချင်လာခဲ့တာ ဖြစ်ပါတယ်။