MySport Myanmar

ခံစစ်ကစားသမား (၅)ယောက်အထိကို အသင်းကနေ ရှင်းထုတ်ဖွယ် ရှိနေတဲ့ မန်ယူ

အခုနှစ် နွေဈေးကွက်ထဲမှာ ကစားသမားသစ်တစ်ဦးမှ မခေါ်ယူထားနိုင်သေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ အသင်းရဲ့ ကစားသမားတွေထဲကမှ ခံစစ်ကစားသမား (၅)ယောက်ကို အသင်းကနေ ရှင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားတွေထဲမှာ အဲရစ်ဘာယီ ဖီးလ်ဂျုံးစ် အာရွန်ဝမ်ဘစ်ဆာခါ အက်ဇယ်တွန်ဇီဘီနဲ့ ဘရန်ဒန်ဝီလီယံစ်တို့ ပါဝင်နေပါတယ်။

Photo Credit : The Sun

ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ဂ်က အသင်းကို စတင်တာဝန်ယူချိန်မှာ အသင်းရဲ့ ခံစစ်ပိုင်းကို အပြောင်းအလဲတွေ လုပ်ဆောင်သွားချင်နေပြီး ခံစစ်ပိုင်းအတွက် မလိုအပ်တော့တဲ့ ကစားသမားတွေဖြစ်တဲ့ ဘာယီ ဂျုံးစ် ဘစ်ဆာခါ တွန်ဇီဘီနဲ့ ဝီလီယံစ်တို့ကို ရှင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ ဒီကစားသမားတွေအားလုံးဟာ ယခင်နည်းပြတွေလက်အောက်မှာကတည်းက အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်နိုင်ဖို့ ရုန်းကန်နေရသူတွေဖြစ်ပြီး အခုလည်း ဒီကစားသမားတွေရဲ့ ယူနိုက်တက် ကစားသမားဘဝကပါ အဆုံးသတ်ရဖွယ် ရှိနေရပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေမျုး ရှိနေရတဲ့ နောက်ခံလူတွေထဲကမှ အိုင်ဗရီကို့စ် နောက်ခံလူ ဘာယီကို နယူးကာဆယ်အသင်းက ခေါ်ယူသွာချင်နေပြီး အင်္ဂလန်ညာနောက်ခံလူ ဝမ်ဘစ်ဆာခါကလည်း သူရဲ့အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ်ဆီ ပြန်လည်ပူးပေါင်းဖွယ် ရှိနေရပါတယ်။ ဒီလို ခံစစ်ကစားသမား အများအပြားကို ရှင်းထုတ်သွားမယ့် ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်းမှာ ကစားသမားသစ် အနည်းဆုံး (၂)ဦးခန့် ခေါ်ယူဖွယ် ရှိနေပြီး လက်ရှိမှာတော့ အေဂျက်စ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ တင်ဘာနဲ့ မာတီနက်ဇ်တို့ကို ခေါ်ယူသွားချင်နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိသေးအပေါ် ယူနိုက်တက်ပရိသတ်တွေက အသင်းတာဝန်ရှိသူများအပေါ် မကျေမနပ် ဖြစ်နေရပြီး အသင်းရဲ့ စူပါစတား ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုယ်တိုင်ပါ အသင်းရဲ့ ကစားသမားသစ် မခေါ်ယူနိုင်သေးခြင်းအပေါ် စိတ်ပျက်နေရပါတယ်။ ယူနိုက်တက်အသင်းဟာ လတ်တလောမှာတော့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီဒီယွန်းကိုသာ ဦးစားပေး ကမ်းလှမ်းနေတာဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ဘာစီလိုနာကတော့ ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့ပါတယ်။

Exit mobile version