အပြောင်းအရွှေ့စျေးကွက်တစ်ခု ဖွင့်လှစ်ပြီဆိုတာနဲ့ အနာဂတ်အခြေအနေတွေ လှုပ်ခတ်လာတတ်တဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အခုနွေစျေးကွက်အတွင်းမှာလည်း သူရဲ့ထုံးစံအတိုင်း အပြောင်းအရွှေ့ ကောလဟာလတွေ ဆက်တိုက်ကို ထွက်ပေါ်လျက်ရှိနေသလို တစ်ဖက်မှာလည်း ယူနိုက်တက်ဘက်ကနေ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းလျက်ရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်လို့နေပါတယ်။

Photo Credit : Eurosport

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လက်ရှိမှာ ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲနေတာဖြစ်ပြီး ဒီပြိုင်ပွဲကြီး ပြီးဆုံးသွားမှသာ သူရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခုကို အသေအချာ ချမှတ်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ပေါ့ဘာဟာ သူရဲ့ကလပ်အသင်း ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်လို့ ယူနိုက်တက်ဘက်ကနေ သူတို့ကစားသမားကို သက်တမ်းတိုးဖို့ ကြိုးပမ်းလျက်ရှိနေသလို သက်တမ်းတိုးမှုကို ကစားသမားဘက်ကနေ လက်မခံနိုင်ရင်တော့ ဒီနွေစျေးကွက်အတွင်းမှာပဲ အပြတ်ရောင်းချရဖွယ် ရှိလို့နေပါတယ်။

Photo Credit : Goal

ဒါပေမယ့် ယူနိုက်တက်ဘက်က သူတို့ရဲ့ကြယ်ပွင့်ကစားသမား ပေါ့ဘာကို လုံးဝလက်မလွတ်သွားချင်တာကြောင့် တစ်ပတ်ကို ပေါင်(၄)သိန်းခန့်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ပေ့ါဘာဟာ လက်ရှိမှာ တစ်ပတ်ကို ပေါင်(၂၉၀၀၀၀)အထိ ရရှိနေတာဖြစ်ပြီး သူသာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို လက်ခံဖြစ်ခဲ့မယ်ဆိုရင် လက်ရှိ ပရီးမီးယားလိဂ်မှာ လုပ်ခလစာအများဆုံး ဖြစ်လို့နေတဲ့ အသင်းဖော် ဂိုးသမား ဒေးဗစ်ဒီဂီယာကိုပါ ကျော်လွန်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပေါ့ဘာကို သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ်အပြင် ရီးယဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီအသင်းတွေကပါ စောင့်ကြည့်လျက်ရှိနေတာဖြစ်ပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် ပေါ့ဘာအနေနဲ့ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိနိုင်ခြေက ပိုများလို့နေပါတယ်။ လီဂူးအင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အတောင့်တင်းဆုံး ကွင်းလယ်တစ်ခု ဖြစ်နေစေဖို့အတွက် ပေါ့ဘာလို World Class အဆင့်ရှိ ကွင်းလယ်ကစားသမားမျိုးကို အလိုရှိနေတာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)ခန့်နဲ့ ကမ်းလှမ်းမှုကို စတင်လုပ်ဆောင်ဖွယ် ရှိလို့နေပါတယ်။