ဒီရက်ပိုင်းအတွင်း ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း လက်ရှိအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အဘီဒယ်က အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်းဗယ်ဗာဒီ ဘာစီလိုနာကို ကိုင်တွယ်နေချိန်အတွင်း အသင်းမှာ ကစားသမားတချို့က ကြိုးကြိုးစားစား ကစားပေးခဲ့ခြင်းမရှိဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့တဲ့အပေါ် အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီဘက်ကနေ လက်သင့်ခံနိုင်ခြင်းမရှိတာကြောင့် သူရဲ့အင်စတာဂရမ်ပေါ်ကနေ ပြန်လည်တုန့်ပြန်သွားခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ပါ အနာဂတ်မရေရာမှုတွေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

အသင်းတစ်သင်းရဲ့ အားကစားဒါရိုက်တာဆိုတဲ့ ရာထူးက အသင်းအတွက် အရေးကြီးလွန်းတဲ့ နေရာတစ်ခုဖြစ်လို့ ဒီလိုနေရာမှာရှိနေတဲ့ လူတစ်ယောက်က ပြောဆိုလိုက်တဲ့ စကားအပေါ် ဘာစီလိုနာအသင်းသားတွေကြားမှာ အဓိကလူတစ်ယောက်ဖြစ်နေတဲ့ မက်ဆီက လက်သင့်မခံနိုင်တာကြောင့် ဒီရာသီအကုန်မှာတောင် ဘာစီလိုနာကနေ စွန့်ခွာသွားဖွယ်တောင်ရှိနေပြီး လက်ရှိမှာ သူရဲ့နည်းပြဟောင်း ပတ်ဂွာဒီယိုလာရှိရာ မန်စီးတီးအသင်းဆီ ရောက်ရှိလာနိုင်တယ်လို့ ကောလဟာလ ထွက်လာခဲ့ပေမယ့် မန်စီးတီးရဲ့မြို့ခံအသင်းက မန်ချက်စတာယူနိုက်တက်အသင်းကပါ မက်ဆီအခြေအနေကို စောင့်ကြည့်လာခဲ့ကာ ခေါ်ယူဖို့ အထူးစိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : The Sun

အသက်၃၂နှစ်အရွှယ် အာဂျင်တီးနားတိုက်စစ်ကစားသမား မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၁၈လအထိ ကျန်ရှိနေသေးတယ်ဆိုပေမယ့်လည်း စာချုပ်မှာ ထည့်သွင်းထားတဲ့ အချက်အလက်တစ်ခုအရ သူသာ အသင်းကနေ ထွက်ခွာချင်စိတ်ဖြစ်နေပြီဆိုရင် နွေရာသီစျေးကွက်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမယ်လို့ ထည့်သွင်းထားတာဖြစ်လို့ မက်ဆီသာ တကယ် အသင်းပြောင်းချင်မယ်ဆိုရင် ဘာစီလိုနာဘက်ကနေ ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းကတော့ သူတို့အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ကို ဒီလို လွယ်လွယ်ကူကူ လက်လွတ်ပေးခံမှာမဟုတ်ပဲ တကယ်လို့ အဘီဒယ်နဲ့မက်ဆီတို့ နှစ်ယောက်ထဲကမှ တစ်ဦးကို ရွေးချယ်ရမယ်ဆိုရင်လည်း မက်ဆီကိုသာ ရွေးချယ်လာနိုင်ပါတယ်။ မက်ဆီကို လက်ရှိမှာတော့ မန်ချက်စတာအသင်းနှစ်သင်း အပါအဝင် ဂျုဗင်တပ်စ် အင်တာမီလန်နဲ့ ပီအက်စ်ဂျီအသင်းတွေကနေ စောင့်ကြည့်လျက်ရှိနေပါတယ်။