MySport Myanmar

ဗစ်တာအိုဆီမန်အတွက် မာစီယဲလ်ကိုပါ ထည့်သွင်း ကမ်းလှမ်းသွားမယ့် ယူနိုက်တက်

လာမယ့် ဘောလုံးရာသီမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆီမန်ကို အရခေါ်ယူသွားနိုင်ဖို့အတွက် တောက်လျှောက် ကြိုးပမ်းလျက်ရှိနေရာ အခုလက်ရှိမှာလည်း ယူနိုက်တက်က သူတို့ရဲ့ ကစားသမား အန်တိုနီမာစီယဲလ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တစ်ပိုင်းအဖြစ်နဲ့ ထည့်သွင်းကမ်းလှမ်းသွားဖို့ အဆင့်သင့် ဖြစ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Forbes

အသက်(၂၆)နှစ်အရွှယ် ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကမှ မိုနာကိုကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိ်လာခဲ့တာဖြစ်ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ သူရဲ့ခြေစွမ်းပိုင်း ကျဆင်းလာမှုတွေကြောင့် ပွဲကစားခွင့်တွေပါ နည်းပါးလာခဲ့ရသလို အခုလက်ရှိမှာလည်း ဆီဗီလာအသင်းဆီ ရာသီကုန်အထိ အငှားချထားခံခဲ့ရပါတယ်။ မာစီယဲလ်ကို အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဆီဗီလာအသင်းက အငှားစာချုပ် သက်တမ်းပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒမရှိတော့ပဲ ယူနိုက်တက်ဆီသာ ပြန်ပို့ဆောင်တော့မှာဖြစ်သလို ယူနိုက်တက်ကပါ မာစီယဲလ်ကို အသင်းမှာ ဆက်အသုံးပြုဖွယ် မရှိပဲ အိုဆီမန်ရဲ့ အပြောင်းအရွှေ့မှာသာ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ လိုင်လီတိုက်စစ်မှူးဟောင်း အိုဆီမန်ဟာ လိုင်လီကနေ နာပိုလီအသင်းဆီကို ယူရိုသန်း(၈၀)ဝန်းကျင်လောက်နဲ့ ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပြီး သူရဲ့ နာပိုလီ ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ စီးရီးအေသွင်းဂိုး (၁၀)ဂိုး သွင်းယူနိုင်ခဲ့သလို ဒုတိယရာသီဖြစ်တဲ့ ဒီရာသီမှာဆိုရင် စီးရီးအေသွင်းဂိုး (၁၃)ဂိုးအပြင် ပြိုင်ပွဲစုံသွင်းဂိုး (၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ အရပ်အမောင်း မြင့်မားပြီး တိုက်စစ်အရည်အသွေးကောင်းတွေ ကြွယ်ဝထားသူဖြစ်တဲ့ အိုဆီမန်ကို ယူနိုက်တက်ဘက်က အလိုရှိလာခဲ့ပေမယ့်လည်း ကစားသမားရဲ့ လက်ရှိတန်ကြေးက အလွန်မြင့်မားနိုင်သလို နာပိုလီနဲ့လည်း ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့အတွက် ပြောင်းရွှေ့ကြေးကို များစွာပေးချေရနိုင်လို့ ယူနိုက်တက်ဘက်က အိုဆီမန်အတွက် ပြောင်းရွှေ့ကြေးတချို့အပြင် အသင်းရဲ့ တိုက်စစ်ကစားသမား မာစီယဲလ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Exit mobile version