၂၀၁၉-၂၀၂၀ ဘောလုံးရာသီကတော့ မထင်မှတ်ပဲ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ပြိုင်ပွဲတွေအဆုံးသတ်ခါနီးလောက်မှာပဲ ရပ်တန့်ထားခဲ့ရတာဟာ တစ်လကျော်လောက်တောင် ကြာမြင့်နေပြီဖြစ်ပြီး ကလပ်အသင်းတွေ နိုင်ငံအသင်းတွေအားလုံး အသီးသီး အခက်တွေ့နေခဲဲ့ရပါတယ်။ ဘောလုံးအသင်းတွေက ပွဲတွေမကစားရတာကြောင့် ဝင်ငွေတွေလည်း ထိုးကျလာခဲ့တာကြောင့် ကစားသမားတွေအတွက် လစာပေးချေမှုတွေကို လျှော့ချခဲ့ရသလို ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်မှာလည်း အင်အားဖြည့်တင်းဖို့အတွက် ငွေကြေးအခက်အခဲဖြစ်လာနိုင်ပါတယ်။

Photo Credit : The Sun

ဒါကြောင့် လတ်တလောမှာ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုနဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျက်ဂါရီးလစ်ရှ်တို့ကို ပစ်မှတ်ထားလို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေးတင့်တောင်းနေနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမားတချို့နဲ့ လက်တွဲဖြုတ်သွားဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ ဒီကစားသမားတွေထဲမှာ ကွင်းလယ်လူများဖြစ်တဲ့ပေါ့ဘာ ပါရဲရား လင်ဂတ်တို့ ပါဝင်နေတဲ့အပြင် အသင်းကနေ အငှားထွက်ကစားလို့နေတဲ့ နောက်ခံလူများဖြစ်သော စမောလင်း ရိုဟိုတို့လည်း အရောင်းစာရင်းထဲမှာ ပါဝင်လို့နေပါတယ်။

Photo Credit : Daily Mail

ဒီကစားသမားတွေကို ရောင်းချလို့ပြန်လည်ရရှိလာမယ့် ငွေကြေးတွေနဲဲ့အတူ အသင်းကနေ ပြန်လည်ပစ်မှတ်ထားနေတဲ့ ကစားသမားသစ်တွေကို ခေါ်ယူသွားမှာလို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းဘက်ကနေ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေများစွာရှိနေပြီး ဒီထဲကမှ အင်္ဂလန်လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ ဆန်ချိုနဲ့ ဂါရီးလစ်ရှ်တို့ကတော့ အဓိကပစ်မှတ်တွေဖြစ်နေကာ ဒီလစ် ဂျိမ်းစ်မက်ဒီဆန် ဟယ်ရီကိန်းတို့မှာလည်း ယူနိုက်တက်ရဲ့ပစ်မှတ်ထဲမှာ ပါဝင်လို့နေပါတယ်။ ယူနိုက်တက်အသင်းဟာ သိပ်မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဆန်ချိုကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး တကယ်လို့ သဘောတူညီမှု ရယူနိုင်ခဲ့တာ မှန်ကန်မယ်ဆိုရင်တောင် ဒေါ့မွန်အသင်းဘက်ကနေ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း(၁၂၀)အထက်လောက်ထိ တောင်းဆိုလာနိုင်တာကြောင့် အခုလို ဘက်ဂျက်တောင့်တင်းနိုင်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။