ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၂၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ အဆင်သင့် ရှိနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: ESPN

အရပ်အမောင်း မြင့်မားကာ နေရာယူမှု ကောင်းမွန်တဲ့ ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် အဖြစ် စတင် တာဝန်ယူခဲ့သူလည်း ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းပိုင်း ကောင်းမွန်မှု ၊ ခေါင်းဆောင်နိုင်စွမ်း ပြည့်ဝမှုနဲ့ အသင်းဖော်တွေ အပေါ် လွှမ်းမိုးနိုင်စွမ်းတို့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေက ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ပေမယ့် မန်ချက်စတာ စီးတီးက မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေရမယ့် ဒီကလန်ရိုက်စ်ကို မခေါ်ယူချင်တော့သလို ချယ်လ်ဆီးကလည်း အသင်းပိုင်ရှင် အပြောင်းအလဲကြောင့် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားနေမှုအား ရပ်တန့်လိုက်တာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာပါတယ်။

Photo Credit: ESPN

ဝက်စ်ဟမ်းရဲ့ နည်းပြဖြစ်သူ မိုရက်စ်ကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းမထုတ်ဘူးလို့ ပြောကြားထားပေမယ့် ဒီကလန်ရိုက်စ်ကတော့ သူ့ရဲ့ ကစားသမားဘဝ အတွက် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ကူးနေကြောင်း ဝက်စ်ဟမ်းနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ခပ်စိတ်စိတ် ပြုလုပ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒီကလန်ရိုက်စ်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ပေါင် ၁၂၀သန်းနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ပြင်ဆင်ထားကြကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနက ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြလာခဲ့ပါတယ်။