ပြီးခဲ့တဲ့ နွေရာသီစျေးကွက်အတွင်းကမှ အေဂျက်စ်အသင်းကနေ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၆၇)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန်ကြယ်ပွင့်နောက်ခံလူဒီလစ်ကို ဂျုဗင်တပ်စ်အသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ အားလုံးက ထင်ထားရပေမယ့်လည်း လက်တွေ့မှာတော့ အသင်းရဲ့ကစားပုံနဲ့ အ့ံဝင်အောင် မနည်းကြိုးစားနေခဲ့ရကာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီလစ်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ လာမယ့်နွေစျေးကွက်မှာ ကမ်းလှမ်းမှုတွေ ပြန်လည်ပြုလုပ်ဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Image

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ နယ်သာလန်နောက်ခံကစားသမားလေးဒီလစ်ဟာ အသင်းဟောင်းအေဂျက်စ်မှာ ပါဝင်ကစားခဲ့စဉ်တုန်းက အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့လို့ သူ့ကို ဥရောပအသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားခဲ့ပြီး နောက်ဆုံးမှာတော့ ဂျုဗင်တပ်စ်အသင်းက ခေါ်ယူနိုင်ခဲ့ပါတယ်။ ဂျုဗင်တပ်စ်ကိုပဲ ရွေးချယ်ခဲ့တဲ့ ဒီလစ်အနေနဲ့ ခံစစ်အသားပေး ကစားတတ်လေ့ရှိတဲ့ စီးရီးအေလိုပြိုင်ပွဲမျိုးမှာ ပိုအောင်မြင်လာနိုင်ဖွယ်ရှိတယ်လို့ ထင်ထားခဲ့ရပေမယ့်လည်း လက်ရှိအချိန်ထိ အသင်းနဲ့ ကစားပုံနဲ့ အသားကျအောင် ရုန်းကန်နေရသေးသလို ဘနူချီ ချီလီနီ ဒီမီရယ်တို့ရဲ့နောက်မှာပဲ ပွဲထွက်ခွင့်တွေ ရနေခဲ့ပါတယ်။

Photo Credit : Getty Image

ဒီလစ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဂျုဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၇)အထ ပါဝင်ကစားထားရပေမယ့်လည်း အေဂျက်စ်မှာ ကစားခဲ့စဉ်တုန်းကလိုမျိုးတော့ ခြေစွမ်းပြသနိုင်ခြင်းမရှိသေးပဲ အီတလီကစားဟန်နဲ့ အသားမကျသေးတဲ့အတွက်ကြောင့် ပင်နယ်တီပေးခံရမှုတွေတောင် မကြာခဏဆိုသလို ရှိနေခဲ့ရပါတယ်။ ဒီလို ရုန်းကန်မှုလေးတွေရှိနေခဲ့တဲ့ ဒီလစ်ကို ဘာစီလိုနာအသင်းဘက်ကနေ ခေါ်ယူဖို့ တဖန်ပြန်လည်စိတ်ဝင်စားနေတယ်လို့ ပြီးခဲ့တဲ့ရက်အနည်းငယ်က သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုလည်း မန်ချက်စတာယူနိုက်တက်အသင်းကပါ ဒီလစ်ကို အင်္ဂလန်မြေဆီ ခေါ်ဆောင်သွားဖို့ တဖန်စိတ်ဝင်စားလာခဲ့ပြန်ပြီလို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းက သူတို့ရဲ့ခံစစ်ကစားသမား အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက်ညီညီ ကစားနိုင်မယ့် နောက်ခံလူတစ်ယောက်ကို ရှာဖွေနေတာဖြစ်ပြီး ဒီလစ်နဲ့ ကူလီဘလီတို့ကို ပစ်မှတ်ထားလျက်ရှိနေပါတယ်။