ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဘာဘာတော့ဗ် ကတော့ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ လာဖို့ တိုက်တွန်း သွားခဲ့ပါတယ်။ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ရာမို့စ်ဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၇လ ကျော်ကျော်သာ ကျန်ရှိတော့ပြီး ဇန်နဝါရီလ အပြောင်းအရွှေ့ မတိုင်မီ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သစ် ကိစ္စ သဘောတူညီမှု မရပါက ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ သူ ပြောင်းရွှေ့ချင်တဲ့ အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၃၄နှစ် အရွယ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စပိန်အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ ကစားသမား တစ်ဦး အတွက် နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ဥရောပရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသလို သူ မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခံစစ်ကြောင်းဟာ သိသိသာသာ အားနည်း သွားတာကိုလည်း မြင်တွေ့ နေရပါတယ်။ ကနဦးမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရာမို့စ်ကို ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းဖို့ ရှိကြောင်း သိရှိခဲ့ ရပေမယ့် အဆိုပါ သတင်းရဲ့ နောက်ဆက်တွဲ သတင်းတွေဟာ ထပ်မံ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ လက်ရှိ မှာတော့ ရာမို့စ်ကို ခေါ်ယူဖို့ ဥရောပ အင်အားကြီးအသင်း အတော်များများက စောင့်ကြည့် နေကြပြီး ဘာဘာတော့ဗ် ကတော့ ရာမို့စ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာဖို့ တိုက်တွန်း သွားခဲ့ပါတယ်။

Photo Credit: Metro

ရာမို့စ်တစ်ယောက် မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့သင့်ကြောင်းကို ဘာဘာတော့ဗ်က “အခုချိန်မှာ ရာမို့စ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး သတင်းတွေ အများကြီး ထွက်ပေါ်နေပါတယ်။ အခုချိန် အထိ ကျွန်တော် သိထားရသလောက် သတင်းတွေအရ ဆိုရင်တော့ ရာမို့စ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးပါဘူး။ ဒါ့ကြောင့် ဥရောပ အသင်းတွေက အသက် ၃၄နှစ် အရွယ် ရာမို့စ်ကို တစ်နှစ် (သို့) ၂နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးစား နေကြတာပါ။ သီယာဂို ဆေးလ်ဗား ဆိုရင် အသက် ၃၅နှစ်ကျော်မှ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာတာ ဖြစ်ပြီး အခုဆို ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ လာဖို့ ဘယ်တော့မှ နောက်မကျဘူး ဆိုတာကို သက်သေပြထားပါတယ်။ ရာမို့စ်ဟာ မန်ချက်စတာ ယူနိုက်တက်လို အသင်းမျိုးဆီ ပြောင်းရွှေ့လာရင် သူ့အတွက်ရော အသင်းအတွက်ပါ အရမ်းကို အကျိုးရှိမယ် လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အသက် ၃၄နှစ် အရွယ် ရှိနေပေမယ့် ကြံ့ခိုင်မှုပိုင်းမှာ ကောင်းမွန် နေသလို ခြေစွမ်းကလည်း ကမ္ဘာ့အဆင့်မှာ ရှိနေဆဲပါ” လို့ ပြောကြား သွားခဲ့တာပါ။