မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်ရာသီမှာ အသင်းရဲ့ခံစစ်ပိုင်းကို အကျစ်လစ်ဆုံးဖြစ်နေအောင် တည်ဆောက်ဖို့အတွက် ဗဟိုခံစစ်ကစားသမားတစ်ယောက်လောက် ခေါ်ယူသွားဖွယ်ရှိနေပြီး လက်ရှိမှာတော့ နာပိုလီခံစစ်မှူးကူလီဘလီနဲ့ အင်တာခံစစ်မှူးရှကရီညာတို့ကို ပစ်မှတ်ထားလို့နေကာ ဆလိုဗက်ကီးယာားနောက်ခံလူ ရှကရီညာကိုတော့ ဦးစားပေးကမ်းလှမ်းဖွယ် ရှိနေတယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

အသက်(၂၅)နှစ်အရွှယ်ရှိ ဆလိုဗက်ကီးယားလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ရှကရီညာဟာ အင်တာမီလန်အသင်းရဲ့ အမာခံကစားသမားတစ်ယောက် ဖြစ်နေပေမယ့်လည်း နည်းပြကွန်တီရဲ့နည်းစနစ်တွေအောက်မှာ အံ့ဝင်ခွင်ကျဖြစ်အောင် ကစားဖို့အတွက် ရုန်းကန်နေရတာကြောင့် ကွန်တီက ရှကရီညာကို ရောင်းချဖို့ အစီအစဉ်ရှိလာခဲ့သလို သူ့ကိုလည်း မန်ချက်စတာအသင်းနှစ်သင်းအပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကပါ ပစ််မှတ်ထားနေကြပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာမြို့ခံအသင်း(၂)သင်းက ရှကရီညာကို အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။

Photo Credit : Sempreinter

Tuttosport ကနေ ဖော်ပြလာချက်တွေအရ ရှကရီညာကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းက ပြောင်းရွှေ့ကြေးကို ပေါင်(၅၈)သန်းအထိ အသုံးပြုဖွယ်ရှိနေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်လာတော့မယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်လိုပဲ ယူနိုက်တက်ရဲ့ မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကလည်း ရှကရီညာကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ ပြုလုပ်နေတာကြောင့် ဒါဘီပြိုင်ဘက်အသင်းတွေရဲ့ ကစားသမားအပြိုင်အဆိုင် ခေါ်ယူမှုကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီး ပွဲစဉ်အများစုမှာ လင်ဒီလော့နဲ့ တွဲဖက်ကစားစေခဲ့ပေမယ့်လည်း လင်ဒီလော့က မက်ဂွိုင်းယားနဲ့ ရေရှည်တွဲဖက်ကစားနိုင်ဖွယ် မရှိသလို ဘိုင်လီကလည်း မကြာခဏ ဒဏ်ရာတွေ ရနေတတ်သူဖြစ်လို့ ရှကရီညာကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ရှကရီညာဟာ ၂၀၁၇ခုနှစ်ကမှ ဆမ်ဒိုရီးယားအသင်းကနေ အင်တာအသင်းဆီကို ယူရို(၇)သန်းတည်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ သူရဲ့တန်ကြေးက ယူရို(၄၈)သန်းလောက် ရှိနေပါတယ်။