ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ မန်ယူအသင်း ဟာ လက်ကျန် အပြောင်းအရွှေ့ နေ့ရက်တွေမှာ သူတို့အသင်း ရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ကာ ကြိုးပမ်းလာတယ် လို့ ဂျာမန် အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြ သွားကြပါတယ်။ မန်ယူအသင်း ဟာ ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ကာလရှည် ကြိုးပမ်း နေတာ ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ယူထားတာ ကြာပြီ ဖြစ်ပေမယ့် လက်ရှိ အချိန်အထိ တော့ ဒေါ့မွန် အသင်းထံ ဆန်ချို အတွက် ကမ်းလှမ်းမှုကို တရားဝင် ပြုလုပ်ထားခြင်း မရှိပါဘူး။

Photo Credit: Express

မန်ယူအသင်းနဲ့ နီးစပ်သူတွေ ကတော့ မန်ယူ အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားဟာ ဆန်ချို ကို အမြန်ဆုံး ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေ ထံ တောင်းဆို ထားပြီး ဘုတ်အဖွဲ့ဝင်တွေ ဟာ ဆိုးလ်ရှားကို ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် မစိုးရိမ်ဖို့နဲ့ ဆန်ချိုဟာ မန်ယူအသင်းထံ ရောက်လာမှာ ဖြစ်ကြောင်း ပြန်ပြောခဲ့တယ် လို့ ဖွင့်ဟ ပြောကြား ခဲ့ကြပါတယ်။ လတ်တလော မှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မန်ယူ အသင်းဟာ မကြာမီမှာပဲ ဆန်ချိုအတွက် ဒေါ့မွန် အသင်းထံ တရားဝင် ကမ်းလှမ်းမှု အနေနဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း + အပိုဆုကြေး ပေါင် ၁၅ သန်း စုစုပေါင်း ပေါင် ၉၀ သန်း ပမာဏနဲ့ ကမ်းလှမ်းမှာ ဖြစ်ကြောင်း သိရပြီး ဒေါ့မွန်အသင်း အနေနဲ့ အဆိုပါ ကမ်းလှမ်းမှု ကို တိုးမြှင့် ကမ်းလှမ်းခိုင်းလို့ မရပဲ လက်ခံလား ၊ လက်မခံဘူးလား ဆိုတာကိုပဲ ဆုံးဖြတ်ရဖွယ် ရှိကြောင်း သိထား ရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ သတင်းထောက် နှစ်ဦး ဖြစ်တဲ့ Kaveh Solhekol နဲ့ Cooper တို့ ကတော့ ဆန်ချိုဟာ မကြာမီမှာပဲ မန်ယူအသင်း ရဲ့ ကစားသမားသစ် ဖြစ်လာလိမ့်မယ် လို့ ခန့်မှန်း ထားကြပြီး မန်ယူအသင်းက ကမ်းလှမ်းမယ့် ပြောင်းရွှေ့ကြေး ပေါင် ၉၀ သန်း ဆိုတဲ့ ပမာဏ ဟာ ဒေါ့မွန်အသင်း လိုချင်နေတဲ့ ယူရို ၁၀၀ သန်းဆိုတဲ့ ပမာဏနဲ့ များစွာ ကွာဟခြင်း မရှိတာကြောင့် ဒေါ့မွန်အသင်းဟာ ပေါင် ၉၀ သန်း တန် ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ် လို့ ဆိုကြပါတယ်။ Kaveh Solhekol ကတော့ သူ့အနေနဲ့ ဘာ့ကြောင့် မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူ နိုင်မလဲ ဆိုတာကိုပါ ရှင်းလင်း ပြောကြား သွားခဲ့ပြီး ဒေါ့မွန် အသင်းဟာ ပြီးခဲ့တဲ့ ဘဏ္ဏာရေးနှစ် မှာ ယူရို ၄၀ သန်း အရှုံးပေါ်ခဲ့သလို လူငယ် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူရာမှာ သုံးစွဲခဲ့တဲ့ ငွေကြေးတွေ ကြောင့် ဆန်ချိုကို မဖြစ်မနေ ရောင်းချကာ ဘဏ္ဏာရေးပိုင်း တည်ငြိမ်မှု ရရှိအောင် ကြိုးစား ရမှာ ဖြစ်တာကြောင့် မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ် လို့ Solhekol က ပြောကြား သွားခဲ့ပါတယ်။