မန်ချက်စတာယူနိုက်တက် လူငယ်အသင်းရဲ့ ကစားသမားလေးဖြစ်တဲ့ အီသန်ဂဲလ်ဘရိတ်ကို မြောက်အိုင်ယာလန်လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်သူ အီယန်ဘာရာဂလော့ဂိတ်က သူတို့အသင်းအတွက် အားထားရတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတစ်ယောက်လို့ ချီးကျူးပြောဆိုခဲ့သလို ဒီဆယ်ကျော်သက်ကစားသမားလေးဟာ အသင်းအတွက်တော့ ဇာဗီ ဒါမှမဟုတ် အင်နီယေစတာလက်သစ်လို ကစားသမားမျိုးဖြစ်တယ်လို့လည်း တင်စားပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့်ကစားသမားလေး အီသန်ဂဲလ်ဘရိတ်ဟာ လက်ရှိ ယူနိုက်တက်လူငယ်အသင်းမှာ ပါဝင်ကစားနေတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကမှလည်း အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့ပါသေးတယ်။ ဒီကစားသမားလေးဟာ ၂၀၁၉ခုနှစ်ကပဲ မြောက်အိုင်ယာလန် စီနီယာအသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး လူဇင်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ရပါသေးတယ်။ အခုလည်း ဂဲလ်ဘရိတ်ဟာ UEFA Nations League ပွဲတွေကို ဝင်ရောက်ဆင်နွဲရမယ့် မြောက်အိုင်ယာလန်အသင်းရဲ့ လူစာရင်းမှာလည်း ထပ်မံရွေးချယ်ထားခံရပါတယ်။

Photo Credit : Man Utd

ဂဲလ်ဘရိတ်ရဲ့ခြေစွမ်းပိုင်းတွေနဲ့ပတ်သက်ပြီး မြောက်အိုင်ယာလန်နည်းကြ ဘာရာဂလော့ဂိတ်က “လွန်ခဲ့တဲ့ (၆)လလောက်နေဆိုရင် အီသန်ရဲ့ကစားပုံတွေက အတော်လေးကို တိုးတတ်ကောင်းမွန်လာခဲ့သလို ရင့်ကျက်မှုတွေလည်း ပိုရှိလာခဲ့တယ်။ သူက ယူနိုက်တက်ယူ-၂၁အသင်းမှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့သလို ကျွန်တော်တို့ရဲ့ စီနီယာအသင်းမှာ ရွေးချယ်ထားခံရတဲ့ အခြားကစားသမားတွေနဲ့လည်း မတူကွဲပြားလို့နေပါတယ်။ ဒါက သူရဲ့ကစားသမားဘဝ အစပျိုးမှုဖြစ်စေဖို့ ကျွန်တော်မျှော်လင့်တယ်။ သူ့အပေါ်ကို ကျွန်တော်တို့တွေ ဖိအားတွေ မပေးချင်ပေမယ့် သူက ကျွန်တော်တို့အသင်းအတွက်တော့ ဇာဗီ အင်နီယေစတာ လက်သစ်လေးလိုပါပဲ။ သူက ဘောလုံးရအောင် ကစားနိုင်တယ်။ ဘောလုံးကို အကောင်းဆုံးထိန်းသိမ်းထားနိုင်တယ်။ ကောင်းမွန်တဲ့ Passing တွေကို လုပ်ဆောင်နိုင်တယ်။ တစ်နှစ်လောက်အကြာကျရင်တော့ သူက ကျွန်တော်တို့အတွက် ပိုုကွဲပြားတဲ့ စွမ်းဆောင်ရည်တွေ ပေးစွမ်းလာဦးမှာပါ။ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရတာက သူ့အတွက် အရမ်းတာဝန်ကြီးသလို ဖြစ်နေတယ်ဆိုပေမယ့် သူကတော့ ဒါအတွက် အဆင့်သင့်ဖြစ်နေမှာပါ။ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာကလည်း သူရဲ့ယုံကြည်မှုတွေကို ပိုအားကောင်းသွားစေမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဂဲလ်ဘရိတ်ဟာ မနှစ်က ဘောလုံးရာသီအတွင်း အက်စ်တာနာအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်းမှာ ယူနိုက်တက်စီနီယာ ကစားသမားအဖြစ်နဲ့ ပါဝင်ကစားခွင့်ရခဲ့ပါသေးတယ်။