ဒီရာသီမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တဖန်ပြန်လည်တတ်လှမ်းလာခဲ့တဲ့ နော်ဝစ်ချ်စီးတီးအသင်းဟာ ရာသီအစမှာတော့ အခြေအနေသိပ်မဆိုးခဲ့ပေမယ့်လည်း မန်စီးတီးကို အနိုင်ယူခဲ့ပြီးနောက်ပိုင်းမှာ တောက်လျှောက်ကျဆင်းလာခဲ့ကာ အခုဆိုရင် အမှတ်ပေးဇယားအောက်ဆုံးကနေ တန်းပြန်ဆင်းဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်လို့နေပါတယ်။ ဒီလို ပရီးမီးယားလိဂ်ကနေ ပြန်လည်ထွက်ခွာရဖို့ အခြေအနေအများဆုံး ဖြစ်နေရတဲ့ နော်ဝစ်ချ်အသင်းကနေ ကွင်းလယ်ကစားသမားကန့်ဝဲလ်နဲ့ နောက်ခံလူ မက်စ်အာရွန်စ်တို့နှစ်ယောက်ကို မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲဲ့ပါတယ်။

Photo Credit : Eastern Daily Press

နော်ဝစ်ချ်အသင်းဟာ ရလဒ်တွေ တောက်လျှောက်ကျဆင်းနေခဲ့လို့ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်ရှိနေရတယ်ဆိုပေမယ့်လည်း အသင်းမှာတော့ ပွတ်ကီ ကန့်ဝဲလ် မက်စ်အာရွန်စ်အစရှိတဲဲ့ ကစားသမားတွေကတော့ တစ်ကိုယ်တော်စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်တာကြောင့် ဒီကစားသမားတွေကို တခြားသော ပရီးမီးယားလိဂ်အသင်းတွေကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး လာမယ့်ရာသီမှာ ပြင်ဆင်မှုတွေများစွာ လုပ်ဆောင်ရဖို့ရှိနေတဲ့ ယူနိုက်တက်အသင်းမှာလည်း နော်ဝစ်ချ်ရဲ့အင်္ဂလန်လူငယ်ကစားသမားလေးနှစ်ယောက်ဖြစ်သူ ကန့်ဝဲလ်နဲ့ အာရွန်စ်တို့ကို တစ်ပါတည်းခေါ်ယူချင်နေပါတယ်။

Photo Credit : Wink Report

ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အဓိကထားပြင်ဆင်သွားမှာဖြစ်လို့ ကန့်ဝဲလ်လို ကွင်းလယ်တိုက်စစ်ကစားသမားကို ပစ်မှတ်ထားနေတာဖြစ်ပြီး လက်စတာကနေ ဂျိမ်းစ်မက်ဒီဆန်ကို မခေါ်နိုင်ခဲ့ရင် ကန့်ဝဲလ်ကို ခေါ်ယူလာနိုင်သလို ကန့်ဝဲလ်ရဲ့ပြောင်းရွှေ့ကြေးမှာလည်း မက်ဒီဆန်ထက်စာရင် အများကြီးသက်သာနေမှာဖြစ်ပါတယ်။ ကန့်ဝဲလ်လိုပဲ ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ နော်ဝစ်ချ်ဘယ်နောက်ခံကစားသမားလေး မက်စ်အာရွန်စ်ကိုလည်း ယူနိုက်တက်အသင်းဘက်ကနေ စပါးအသင်းနဲ့အတူ အပြိုင်စိတ်ဝင်စားလို့နေပြီး အက်ရှ်လေယန်း ထွက်ခွာသွားပြီးနောက် လစ်လစ်သွားတဲ့နေရာအတွက် အစားထိုးဖြည့်တင်းဖွယ်ရှိနေပါတယ်။ အာရွန်စ်ဟာ ဘယ်ရောညာမှာပါ ကစားတတ်သူဖြစ်ပြီး လက်ရှိယူနိုက်တက်အသင်းမှာ ဘယ်ခြမ်းရောညာခြမ်းမှာပါ အနည်းဆုံး ကစားသမားနှစ်ဦးရှိနေတယ်ဆိုပေမယ့် ဘယ်နောက်ခံလူ လုခ်ရှောရဲ့အနာဂတ်မသေချာတာကြောင့် အာရွန်စ်ကို ကမ်းလှမ်းလာနိုင်တာဖြစ်ပါတယ်။