မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ် ကစားသမားတစ်ဦးဖြစ်တဲ့ ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုကို ဒီနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အရခေါ်ယူသွားဖို့အတွက် အသေအချာ ကြိုးပမ်းလျက်ရှိနေရာ အခုဆိုရင် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို ရယူသွားနိုင်ခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် နာမည်ကျော်သတင်းစာ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sport

ယူနိုက်တက်အသင်းဟာ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား ဆန်ချိုကို ယခင်စျေးကွက်တွေကတည်းက ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတာဖြစ်ပေမယ့်လည်း ဒေါ့မွန်ဘက်ကနေ တောင်းဆိုလာတဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ ကမ်းလှမ်းဖို့က ခက်ခဲနေရတာကြောင့် အပြောင်းအရွှေ့က အထမမြောက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းဟာ ဒီတစ်ကြိမ်မှာတော့ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်(၂၆)သန်းနီးပါးလောက် စျေးလျော့ထားတာဖြစ်လို့ ယူနိုက်တက်ဘက်ကနေလည်း ဒီတန်ကြေးပမာဏနဲ့ ကမ်းလှမ်းဖို့ အဆင်ပြေသွားတာကြောင့် ဆန်ချိုကို အရခေါ်ယူနိုင်ဖို့အတွက် ထပ်မံကြိုးစားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Fear The Wall

ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက ဆန်ချိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒေါ့မွန်ဘက်ကနေ သူတို့ကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်(၁၀၈)သန်းနဲ့ ကမ်းလှမ်းရမယ်လို့ ထုတ်ပြန်ခဲ့တဲ့အတွက် ယူနိုက်တက်ဘက်ကနေ လက်လျော့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဆန်ချိုကို ပေါင်(၈၁.၅)သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ဒေါ့မွန်ဘက်ကနေ လက်သင့်ခံသွားမယ့် အနေအထားမှာ ရှိနေတဲ့အတွက် ယူနိုက်တက်ဘက်က နောက်တစ်ကြိမ် ကမ်းလှမ်းဖို့ အဆင့်သင့်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အပြောင်းအရွှေ့တစ်ခုရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ ကစားသမားဖြစ်သူနဲ့ Personal Agreed ကိုတော့ ယူနိုက်တက်အသင်းက ရယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် အသင်း(၂)သင်းကြားမှာသာ ဆက်လက်ဆွေးနွေးရတော့မှာဖြစ်ပါတယ်။ တကယ်လို့သာ ဆန်ချိုကို ပေါင်(၈၁.၅)သန်းနဲ့သာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဆန်ချိုဟာ ယူနိုက်တက်အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဆိုတဲ့ မှတ်တမ်းကို နောက်ခံလူ ဟယ်ရီမက်ဂွိုင်းရားဆီကနေ လွဲပြောင်းရယူနိုင်မှာဖြစ်ပါတယ်။