ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ စပိန် လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥရုဂွေး ကွင်းလယ်လူ ဗယ်ဗာဒီနဲ့ သူတို့အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ စိတ်ဝင်စားနေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ မန်ယူအသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ဟာ သူ့ရဲ့ အိမ်မက် တစ်ခုဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သူ ဖြစ်ပြီး အဆိုပါ စကားတွေကြောင့်ပဲ လာမယ့် နွေအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားလာမယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာခဲ့ပါတယ်။

Photo Credit: Tribuna

ဒါပေမယ့် စပိန််အခြေစိုက် သတင်းဌာနတွေ ကတော့ ပေါ့ဘာကို ခေါ်ယူဖို့ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ဦးစားပေး လုပ်ဆောင်မယ့် အရာတစ်ခု မဟုတ်ပဲ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပေါ့ဘာထက် ရန်းနက်စ် အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါကိုသာ ခေါ်ယူချင်နေတာ ဖြစ်ကြောင်း ဆိုထားကြပါတယ်။ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ပေါ့ဘာဘက်ကသာ စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိပါက ပေါ့ဘာကို ရောင်းချသွားမှာ ဖြစ်ပြီး ပေါ့ဘာကို ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ်လူ ဗယ်ဗာဒီနဲ့ အလဲအထပ် ပြုလုပ်ဖို့ စိတ်ဝင်စားနေကြောင်း ဖော်ပြထားကြပါတယ်။

Photo Credit: Tribuna

 

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဗယ်ဗာဒီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးအဖြစ် ကစားခွင့် ရရှိထားသူ ဖြစ်ပြီး သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ယူရို ၆၅ဝသန်း အထိ ရှိနေပါတယ်။ ဒါပေမယ့် မန်ယူအသင်းကတော့ ပေါ့ဘာနဲ့ ဗယ်ဗာဒီကို အလဲအထပ် ပြုလုပ်မယ့် ကိစ္စရပ်အား ရီးရဲလ်မက်ဒရစ် အသင်းက သဘောကျမယ် လို့ မျှော်လင့်နေပြီး ဗယ်ဗာဒီ အနေနဲ့ အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား လာအောင် ယခုနှစ် နွေစျေးကွက် အတွင်းမှာ အသင်းထံ ပြောင်းရွှေ့ လာခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို စည်းရုံးမှုတွေ ပြုလုပ်ခိုင်းထားကြောင်း သိရှိရပါတယ်။ လာလီဂါရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ အဆိုပါ အပြောင်းအရွှေ့ သတင်းဟာ ဖြစ်ပေါ်လာနိုင်ချေ ရှိကြောင်း သုံးသပ် ထားကြပါတယ်။