ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်း ကတော့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ စပိန်လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ဟာ သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့တဲ့ အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို အတော်လေး စိတ်ပျက်နေပြီး ပေါ့ဘာကို ရောင်းချဖို့ စတင် စဉ်းစားနေပြီ ဖြစ်တယ်လို့ မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟသွားခဲ့ပါတယ်။ အသက် ၂ရနှစ် အရွယ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး မန်ယူအသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်မယ် လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပေါ့ဘာကတော့ မန်ယူအသင်းဟာ သူ့ကို စာချုပ်သစ် မကမ်းလှမ်းသေးဘူး လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Photo Credit: Sports Mole

ပေါ့ဘာဟာ နာမည်ကြီး အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ လက်တွဲထားသူ တစ်ဦးဖြစ်ပြီး ရိုင်းအိုလာဟာ မန်ယူအသင်းနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ အေးဂျင့်တစ်ဦး ဖြစ်တာကြောင့် မန်ယူအသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ အတော်လေးကို စဉ်းစားနေကာ ရီးရဲလ်မက်ဒရစ် အသင်းထံမှ ပေါ့ဘာအတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ ရရှိပါက လက်ခံ စဉ်းစားသွားတော့မယ် လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ Sport Witness သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ပေါ့ဘာကို ပြောင်းရွှေ့ကြေး ယူရို ၈၀ သန်းခန့် ရရှိရင် ရောင်းချသွားမှာ ဖြစ်ပြီး ပေါ့ဘာကို ရောင်းချရာကနေ ရရှိတဲ့ ငွေကြေးကို ရန်းနက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါအား ခေါ်ယူရာမှာ အသုံးပြုသွားဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

Photo Credit: Sports Mole

 

အသက် ၁ရနှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အနာဂတ် ကစားသမား အဖြစ် သတ်မှတ်ခြင်းကို ခံထားရပြီး ၁ရနှစ် အရွယ်သာ ရှိသေးပေမယ့် ပြင်သစ် လက်ရွေးစင် အသင်းအတွက် ၂ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သူပါ။ လက်ရှိမှာ ကာမာဗင်ဂါကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ် အသင်းက စိတ်ဝင်စား နေပေမယ့် ပေါ့ဘာကိုသာ ခေါ်ယူဖြစ်ပါက ရီးရဲလ်မက်ဒရစ် အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူတော့မှာ မဟုတ်ပဲ မန်ယူအသင်း ကတော့ အဆိုပါ အခြေအနေကို အသုံးချကာ ကာမာဗင်ဂါကို ခေါ်ယူမှာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ မန်ယူအသင်းဟာ ကာမာဗင်ဂါအတွက် ရန်းနက်စ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ရဝသန်း ဝန်းကျင် ပေးချေရဖွယ် ရှိကြောင်းလည်း ဘောလုံး သုတေသီတွေက သုံးသပ် ထားပါတယ်။